၂၆ နိုဝင်ဘာ

ယခုအခါ ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်ပျက်ယွင်းမှုကြောင့် သက်ရှိလူသတ္တဝါများ သဘာဝဘေး အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည့်အပြင် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ကျန်းမာရေးတို့အတွက်ပါ ထိခိုက်လာသည်ကို တွေ့ရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ် ပျက်ယွင်းမှုတွင် သစ်တောသစ်ပင်များ ပြုန်းတီးမှုသည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ တရားမဝင် ခိုးယူခုတ်လှဲခွဲဖြတ်ထားသော ကျွန်း၊ သစ်မာ၊ အခြားသစ်မျိုးစုံတန်ချိန် ၉၀၀၀ ကျော် သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။ မြို့နယ်အလိုက် ခိုးယူခုတ်လှဲခွဲဖြတ်ထားသော သစ်မျိုးစုံကို မြင်တွေ့ခဲ့ရာ ထိုဒေသအတွင်းရှိ သစ်တောများမှ ဆုံးရှုံးသွားသော သစ်ပင်ကြီးများအတွက် နှမြောတသဖြစ်မိသည်။ ထိုမျှသာမက တစ်နှစ်အတွင်း ဆုံးရှုံးခဲ့သည့်သစ်ပင်ကြီးများအပြင် နှစ်စဉ်သစ်ပင်ကြီးများ ပျက်သုဉ်းခဲ့ရသဖြင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ရာသီဥတုပြောင်းလဲခြင်းကိုဖြစ်စေသည်မှာ စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။

ဤသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်းသာဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းမှ တရားမဝင်ခုတ်လှဲခံရသော သစ်ပင်များနှင့်ပေါင်းစပ်လိုက်လျှင် မြန်မာနိုင်ငံမှ ပျက်စီးဆုံးရှုံးခဲ့သော သစ်တောသစ်ပင်များပမာဏကို သိသာနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူတို့၏ မဆင်မခြင်လုပ်ကိုင်မှုကြောင့် တစ်စတစ်စပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်တောသစ်ပင်များ ပြန်လည်ရှင်သန်စိုပြည်လာအောင် သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသော်လည်း ကြီးမားကျယ်ပြန့်သည့် သစ်တောဧရိယာများအတွက် ထိရောက်အောင် ဆောင်ရွက်နိုင်ရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် သစ်တောသစ်ပင်များ ပြန်လည်ရှင်သန် စိုပြည်စိမ်းလန်းလာစေရေးနှင့် သစ်တောသစ်ပင်များကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ကြရမည် ဖြစ်သည်။ သစ်တောထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ဆိုင်ရာဌာန၏ ပုံမှန်ပြုစု ပျိုးထောင်ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ငွေကြေးနှင့် နည်းပညာအကူအညီ ထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ သစ်တောဝန်ထမ်းများ စွမ်းဆောင်ရည်၊ လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်သိက္ခာများ အဆင့်အတန်းပိုမိုမြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံး ပညာပေးသင်ကြားရန်နှင့် သစ်တောဝန်ထမ်း များလိုအပ်သည့် ခေတ်မီလက်နက်ကိရိယာများ ဖြည့်ဆည်းပေးရန် လိုအပ်သည်မှာ အမှန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးနေသည်မှာ အမှန်ဖြစ်၍ သစ်တောကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့်သစ်တောစီမံအုပ်ချုပ်မှု မြင့်မားတိုးတက်ဆောင်ရွက်ရန်မှာ အရေးကြီးသည်။ တစ်ဖက်တွင် သက်ဆိုင်ရာဌာန၏ သစ်တောများ ပြန်လည်ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် သစ်တောဆိုင်ရာ ကတိကဝတ်အဖြစ် နိုင်ငံဧရိယာ၏ သစ်တောနယ်မြေ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေ ၁၀ ရာခိုင်နှုန်း ပြည့်မီစေရန်အတွက်လည်း ရည်မှန်းဆောင်ရွက်ရန် ရှိနေသည်။ ထို့ကြောင့် သစ်တောထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ မြှင့်တင်ရန် လိုအပ်နေခြင်း၊ ဖြစ်သည်။

သစ်တောထိန်းသိမ်းစောင့်ရှောက်ရာ၌ ဒေသအလိုက် သစ်ခိုးထုတ်မှုများ နှစ်စဉ်ရှိနေသည်ဖြစ်၍ ခေတ်မီလက်နက်ကိရိယာများ တပ်ဆင်နိုင်ရန်မှာ အရေးပါသည့် အချက်ဖြစ်သည်။ သစ်တော ထိန်းသိမ်းမှုစနစ်ကို ပိုမိုအဆင့်မြင့်စေရန် နိုင်ငံတကာမှ တိုးတက်သည့်နည်းပညာများနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာသင်ကြား ပြန်လည်ပြန့်ပွားသင့်သည်။ ။

သို့ဖြစ်ရာ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က ကြိုးပမ်းအားထုတ်ရာ၌ မိမိတို့ သက်ရှိကမ္ဘာလောကကြီး စိမ်းလန်းစိုပြည်ဖွံ့ဖြိုးလာရေးကို ဦးတည်ပြီး သစ်ပင်ကို ချစ်ခင်သည့်စိတ်၊ သစ်တောကို မြတ်နိုးသည့်စိတ်ဖြစ်သည့် အမျိုးသားရေးတာဝန်ကိုခံယူနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြ ရမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း