ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၂၀၁၉ ခုနှစ် နှစ်သစ် သဝဏ်လွှာ ပေးပို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့အား ၂၀၁၉ ခုနှစ်အတွက် နှစ်သစ်သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာတွင် နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းပြီး စီးပွားဥစ္စာများ တိုးပွားပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း၊ ပြီးခဲ့တဲ့နှစ်က မိမိအနေဖြင့် အနီရောင်အဆင့် အရေးတကြီး သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဲဒီမှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တွေဟာ ယခုလည်း ရှိနေဆဲဖြစ်ပါကြောင်း၊ ယနေ့ ကာလဟာ လူအတော်များများအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ နေရတဲ့ကာလ ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးဟာလည်း ဖိစီးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ကာလ ဖြစ်ပါကြောင်း ပါရှိသည်။
ထို့ပြင် ရာသီဥတု ပြောင်းလဲခြင်းဟာ လူတွေလိုက်ဖြေရှင်းလို့ အလျင်မမီနိုင်ဘဲ လျင်မြန်စွာ ဖြစ်ပွားနေပါကြောင်း၊ ပထဝီနိုင်ငံရေး ကွဲပြားမှုတွေ ပိုပြီးနက်ရှိုင်း လာတာနဲ့အမျှ ပဋိပက္ခတွေဟာလည်း ပိုပြီးဖြေရှင်းရ ခက်ခဲလာပါကြောင်း၊ အန္တရာယ် ကင်းရာကို လိုက်လံရှာဖွေ နေရသူတွေ၊ ကာကွယ်စောင့်ရှောက်မှုရဖို့ ရှာဖွေနေရသူတွေ အရေအတွက် စံချိန်တင် များပြားနေပါကြောင်း၊ မညီမျှမှုတွေ ကြီးထွားနေပါကြောင်း၊ ကမ္ဘာ့လူဦးရေ တစ်ဝက်ရဲ့ ပိုင်ဆိုင်မှု အားလုံးနဲ့ ညီမျှတဲ့ စည်းစိမ်ဥစ္စာတွေကို လူလက်တစ်ဆုပ်စာက ရယူပိုင်ဆိုင်ထားတာ ဘယ်လို ကမ္ဘာကြီးလဲဆိုပြီး မေးခွန်း ထုတ်လာကြပြီ ဖြစ်ပါကြောင်း။
သည်းမခံမှုတွေ တိုးပွားလာနေပြီး ယုံကြည်မှုကတော့ ယိုယွင်းကျဆင်းနေကြောင်း၊ ဒါပေမယ့် မျှော်လင့်ချက်ထားလို့ရမယ့် အကြောင်းတွေလည်း ရှိနေပါကြောင်း၊ ယီမင်နိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းရေး အခွင့်အလမ်းတွေ ပေါ်ပေါက်လာနေပါကြောင်း၊ အီသီယိုပီးယားနဲ့ အီရီထရီယာတို့ စက်တင်ဘာလက ရိယဒ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ကြောင့် ကာလကြာရှည် တင်းမာမှုတွေ လျော့နည်းကျဆင်းလာပြီး ဒေသတစ်ခုလုံးအတွက် အလားအလာကောင်းတွေ ပေါ်ပေါက်လာပါကြောင်း၊ တောင်ဆူဒန်ပဋိပက္ခမှာ ပါဝင်နေသူတွေ အကြား သဘောတူညီချက် ရရှိပြီး ငြိမ်းချမ်းရေး အခွင့်အလမ်းများ တစ်ဖန်ပြန်လည် ရှင်သန်လာပြီဖြစ်ပါကြောင်း၊ လွန်ခဲ့တဲ့ လေးလအတွင်း ရရှိခဲ့တဲ့ တိုးတက်မှုက လွန်ခဲ့တဲ့ လေးနှစ်အတွင်း တိုးတက်မှုထက် ပိုလွန်ပါကြောင်း။
ကုလသမဂ္ဂဟာ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်း အစီအစဉ်ကို အတည်ပြုဖို့ ကာတိုဝစ်မှာ နိုင်ငံအများ တက်ရောက်ကြတဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ လူသားများ အသက်ရှင် ရပ်တည်နိုင်မှုအထိ ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ ဒီအန္တရာယ်ကို တိုက်ဖျက်ဖို့ အခုထက်ပိုပြီး ရည်မှန်းချက် ကြီးကြီးထားရှိရမည် ဖြစ်ပါကြောင်း၊ နောက်ဆုံးရနေတဲ့ အကောင်းဆုံး အခွင့်အလမ်းကို လက်လွတ်မခံဘဲ အရယူလိုက်ဖို့ အချိန်ရောက်နေပြီဖြစ်ပါကြောင်း၊ အထိန်းအကွပ်မရှိ လျင်မြန်လာနေတဲ့ ရာသီဥတု ပြောင်းလဲခြင်းကို ရပ်တန့်သွားအောင်လုပ်ဖို့ အချိန်တန်နေပြီဖြစ်ပါကြောင်း၊ မကြာသေးခင် ရက်သတ္တပတ်များ အတွင်းက ကုလသမဂ္ဂက ကြီးမှူးပြီး ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းနဲ့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာတစ်ဝန်း သဘောတူညီချက်များ ရေးထိုးနိုင်ခဲ့ပါကြောင်း၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်ပြီး ထိခိုက်နစ်နာစေတဲ့ အယူအဆမှားတွေကိုလည်း ကျော်လွှားနိုင်ဖို့ အထောက်အကူ ပြုလိမ့်မည်ဖြစ် ပါကြောင်း။
ကမ္ဘာကြီး ကျန်းမာရေး ကောင်းပြီး ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနဲ့ ကြွယ်ဝ ချမ်းသာခြင်းတို့ ထွန်းကားပြန့်ပွားစေမယ့် မိမိတို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဖြစ်တဲ့ ရေရှည်တည်တံ့နိုင်မယ့် ဖွံ့ဖြိုးရေးရည်မှန်းချက် (SDG) များနောက်မှာ ကမ္ဘာတစ်ဝန်း နေရာဒေသ အားလုံးက ပြည်သူတွေ နိုးကြားလာနေကြပြီဖြစ်ပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်နိုင်ပြီဆိုရင် တစ်ကမ္ဘာလုံး အကျိုးခံစားရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂဟာ ကွဲပြားခြားနားမှုတွေကို ပေါင်းကူးပေးပြီး ဖြေရှင်းချက်တွေ ရှာဖွေနိုင်ဖို့ လုပ်သာကိုင်သာ နေရာပေါ်ထွက်လာရေး လူအများ အတူပူးပေါင်းနိုင်အောင် ဆက်လက်ပြီး စုစည်းပေးသွားမှာဖြစ်ပါကြောင်း၊ ဖိအားပေးသင့်တာတွေကို ဆက်လက်ပြီး ဖိအားပေးသွားမှာ ဖြစ်ပါကြောင်း၊ မိမိတို့ဘက်ကတော့ ဘယ်တော့မှ လက်မလျှော့ပါကြောင်း၊ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းရေး၊ လူသားဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ရေး၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်ရေး အဲဒါတွေကို အတူတကွ လုပ်ဆောင်ကြရေး နှစ်သစ်စတင်ချိန်မှာ သန္နိဋ္ဌာန်ချ ကတိပြုကြပါစို့။ အားလုံး မိသားစုများနဲ့တကွ နှစ်သစ်မှာ အေးငြိမ်းချမ်းသာ အနာရောဂါ ကင်းရှင်းကျန်းမာကြပါစေဟု ဖော်ပြထားသည်။