ဇင်မင်းစိုး ( ဗိုလ်ကလေး )
နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပါသည်။ လူသားတို့၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးမှုများတွင် ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးအတွက် ရည်သန်၍ ကိုယ်ကျိုးစွန့်အနစ်နာခံကြသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုအလေးအမြတ်ထားရသော နေ့ထူးနေ့မြတ်တစ်နေ့လည်း ဖြစ်ပါသည်။
ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်ပါသည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ “ရှေးဦး သူနာပြုစုနည်း” ဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။
ကြက်ခြေနီဖြစ်ပေါ်လာပုံ
သမိုင်းကြောင်း
ကြက်ခြေနီဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွင် ၁၈၅၉ ခုနှစ်၌ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်သည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ပြင်သစ်ဧကရာဇ် တတိယမြောက် နပိုလီယံထံ သွားရောက်စဉ် ဆိုဖာရီနိုစစ်မြေပြင်၌ စစ်ပွဲ၏ အနိဌာရုံများကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာရစစ်သည်များကို တတ်စွမ်းသမျှ ကူညီပြုစုစောင့်ရှောက် ခဲ့လေသည်။
စစ်ပွဲကြီး ပြီးဆုံးသွားသောအခါ စစ်ပွဲတို့၏ အတွေ့အကြုံများကို “ဆိုဖာရီနို အောက်မေ့ဖွယ်” အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့လေသည်။
စစ်ဖြစ်ပွားချိန် ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန်အတွက် နိုင်ငံတိုင်းတွင် စေတနာ့ဝန်ထမ်းအဖွဲ့များ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များကို အကာအကွယ်ပေးရန်အတွက် နိုင်ငံသားများ၏ သဘောတူညီချက်ရယူရန်ဆိုသည့် အချက်နှစ်ချက်ကို “ဆိုဖာရီနို အောက်မေ့ဖွယ်” စာအုပ်တွင် ထည့်သွင်းအဆိုပြုခဲ့လေသည်။
၎င်းစာအုပ်ကို နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲ များထံပေးပို့ပြီး အကြံဉာဏ်များ တောင်းခံကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လှုံ့ဆော်ခဲ့သည်။
၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၈၆၄ ခုနှစ်တွင် ပထမဂျီနီဗာသဘောတူညီချက်ကို အတည်ပြုလက်ခံခဲ့ပါသည်။ ဂျီနီဗာသဘောတူညီချက်ဆိုသည်မှာ “စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်နေသူများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ သဘောတူညီချက်” ဖြစ်ပါသည်။
၁၉၀၆ ခုနှစ်တွင် ဒုတိယဂျီနီဗာစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ပင်လယ်သမုဒ္ဒရာပြင်တွင် နာမကျန်းသူ၊ ဒဏ်ရာရသူ၊ သင်္ဘောပျက်စဉ် စစ်ဘက်ဆိုင်ရာများအား ပြုစုစောင့်ရှောက်ရန် သဘောတူညီ အတည်ပြုလက်ခံခဲ့ပါသည်။
၁၉၂၉ ခုနှစ်တွင် တတိယဂျီနီဗာသဘောတူညီ ချက်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး စစ်သုံ့ပန်းများ၏ ထိန်းသိမ်းရေးစည်းကမ်းချက်များကို သဘောတူလက်ခံခဲ့ကြပါသည်။
၁၉၄၉ ခုနှစ်တွင် စတုတ္ထဂျီနီဗာသဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး အရပ်သားများ အခွင့်အရေးနှင့် ၎င်းတို့အား အကာအကွယ်ပေးရေးတို့အတွက် သဘောတူညီခဲ့ပါသည်။
နိုင်ငံအသီးသီးရှိ အမျိုးသားကြက်ခြေနီအသင်းများသည် “ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်”ဟူသော ရည်ရွယ်ချက်ဖြင့် လူမှုကရုဏာလုပ်ငန်းများကို အချိန်တိုင်း၊ နေရာတိုင်း အခြေခံမှု ခုနစ်ချက်နှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကြက်ခြေနီ၏ လုပ်ငန်းကြီး (၃) ရပ် ဖြစ်သော-
(၁) ကျန်းမာရေးမြှင့်တင်ရန်၊
(၂) ရောဂါဘေးတားဆီးရန်၊
(၃) ဘေးဒုက္ခရောက်သူများကို ကူညီရန်စသည့် လုပ်ငန်းကြီး (၃) ရပ်ကို အဓိကထား ဆောင်ရွက် လျက်ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း
သမိုင်းကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာအဖွဲ့အစည်းကြီးဖြစ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည် ဘေးအန္တရာယ် ကျရောကလွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သော ဘဝများအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှ စတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာရ်စီ) က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင် ဖြစ်လာခဲ့ပါသည်။
နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်းအက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်းလူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကာ အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့ သည်။ အဆိုပါအက်ဥပဒေအရ စိန်ဂျွန်းသူနာပြုတပ်ဖွဲ့အား ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အများပြည်သူသိရှိစေရန် သတင်းမီဒီယာမှတစ်ဆင့် အသိပေးခဲ့ပါသည်။
ကြက်ခြေနီအခြေခံမှု ခုနစ်ချက်
ကြက်ခြေနီအသင်းကြီးသည် ကြက်ခြေနီ အခြေခံမှု ခုနစ်ချက်အပေါ် အခြေခံ၍ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ကြက်ခြေနီအခြေခံမှု ခုနစ်ချက်မှာ -
( ၁ ) လူသားချင်းစာနာထောက်ထားမှု ( Humanity )၊
( ၂ ) ခွဲခြားမှု မရှိခြင်း ( Impartiality )
( ၃ ) ကြားနေခြင်း ( Neutrality )
( ၄ ) လွတ်လပ်စွာ ဆောင်ရွက်ခြင်း ( Independence )
( ၅ ) စေတနာဝန်ထမ်း အကျိုးဆောင်ခြင်း ( Voun-tary Service )
( ၆ ) စည်းလုံးညီညွတ်ခြင်း ( Unity )
( ၇ ) ကမ္ဘာနှင့်အဝှမ်းလွှမ်းခြုံခြင်း ( Universality ) စသည်တို့ ဖြစ်ကြပါသည်။
ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေး
လုပ်ငန်းများ လုပ်ဆောင်ခြင်း
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လျက်ရှိသော ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လူမှုကရုဏာလုပ်ငန်းများ ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ၌ ကြက်ခြေနီအသင်းကြီး၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်မှုသည် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှုကြီးများ ဖြစ်ကြလေသည်။
နိုင်ငံအတွင်း အချိန်အခါမရွေး ဖြစ်ပေါ်လေ့ရှိသော ဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များမှ ထိခိုက်ဒဏ်ရာရရှိသူများ၊ စစ်မက်ဖြစ်ပွားခြင်း၊ အရေးပေါ်ဘေးအန္တရာယ်ဖြစ်ပွားခြင်းများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဖြစ်ပွားရာနေရာများသို့ သွားရောက်၍ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လူတန်းစားမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။
ထို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည် အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း ( IFRC ) တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်ထိခိုက်ခံစားရသူများ၏ အကျိုးခံစားမှုအဖြစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အတတ်ပညာနှင့် လုပ်ငန်းကိရိယာများကို ကူညီပံ့ပိုး ပေးလျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စစ်မက်ဖြစ်ပွားခြင်းကြောင့်လည်းကောင်း ကိုယ်လက်အင်္ဂါချို့တဲ့ခဲ့သူများအတွက် ခြေတု၊ လက်တုများ အခမဲ့တပ်ဆင်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်ပေး လျက်ရှိပါသည်။
အနာဂတ်ကာလတွင် အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံဖော်နိုင်သည့်အချက်များ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည် နိုင်ငံတစ်ဝန်း ကြက်ခြေနီအသင်းအဖွဲ့ရုံးများ ဖွင့်လှစ်၍ သင်တန်းများဖွင့်လှစ်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အများသိရှိစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်မှုများ ရရှိခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များ မြို့နယ်အလိုက် များပြားလျက်ရှိပြီး လူအများ၏ ယုံကြည်ကိုးစားအားထားမှုကိုလည်း ရရှိခဲ့ပါသည်။ ငွေအား၊ လူအားတတ်နိုင်သလောက် ပါဝင်လှူဒါန်းကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ဖြူစင်သန့်ရှင်းမှုကို အသိအမှတ်ပြုကြပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ကြက်ခြေနီအခြေခံမှု ခုနစ်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ချက်များကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဟူသော ကြက်ခြေနီအသင်းကြီး၏ ရည်မှန်းချက်များ လျင်မြန်စွာ ပြည့်မီအောင်မြင်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။ ။