နေပြည်တော် အောက်တိုဘာ ၁၇

 

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ  လူသားချင်း စာနာထောက်ထားမှု အကူအညီ‌ပေးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က IDP နှင့် ိုက်ပွဲရှောင်စခန်းများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စခန်းများနှင့် လူဦးရေစာရင်းများ ရရှိပြီးဖြစ်ပါကြောင်း၊IDP စခန်းများ စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ်တင်ပြရေးအဖွဲ့” ကို အမျိုးသား ကော်မတီက စက်တင်ဘာ ၆ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာ ယင်းအဖွဲ့က သက်ဆိုင်ရာ နယ်မြေဒေသအလိုက် စုဖွဲ့လေ့လာပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ဖော်ထုတ်တင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဌာနများအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းကော်မတီသို့ တင်ပြဆွေးနွေးသွားရန် ဖြစ်ပါကြောင်း၊ နေရပ်ပြန်လိုသူများ၏ လိုအပ်ချက်များအနေဖြင့် နေရပ်ပြောင်းရွှေ့မှု ဆောင်ရွက်ပေးရေး၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးရေး၊ လမ်းတံတား၊ ရေ၊ မီးကိစ္စရပ်များ ဆောင်ရွက်ပေးရေး၊ သက်မွေးလုပ်ငန်းသင်တန်းများ ပို့ချပေးရေးတို့ အဓိက ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာ သူများအတွက် ပြန်လည်နေရာချထားရာတွင် ရေရှည်ရပ်တည်နိုင်ရန် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း သင်တန်းများကို ဌာနများအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃  မောင်တောမြို့နယ် ရွာ(၅)ရွာတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မြေတိုင်းတာခြင်း၊ အကွက်ချခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြေကွက်ချခြင်း၊ စိုက်ပျိုးရေးသင်တန်းများပေးခြင်း၊ တောင်သူပညာပေး သင်တန်းများပေးခြင်း၊ ဌာနပိုင်စက် ကိရိယာများဖြင့် စပါးရိတ်သိမ်း ခြွေလှေ့ပေးခြင်း မွေးမြူရေး အသိပညာပေး သင်တန်းများ‌ပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် နေရပ်ပြန်များ လူနေမှုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် အခြားသော ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ‌ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် နယ်စပ်ရေးရာ ဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ သင်တန်းများ တက်ခွင့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင်များအတွက် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ တက်ရောက်နိုင်ရန် ‌ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်း‌နေရပ်စွန့်ခွာသူများ အတွက် လိုအပ်သော လုပ်ငန်းများဆောင်ရွက်ပေးရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားထည့်သွင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသော ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

သတင်းစဉ်