၂၅ မတ်
ရောဂါဖြစ်ပွားကူးစက်ပုံ
အာဖရိက ဝက်အပြင်းဖျားရောဂါ(African Swine Fever - ASF)သည် ၁၉၀၇ ခုနှစ်တွင် အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံ၌ စတင် ဖြစ်ပွားခဲ့ပါသည်။
ထိုမှတစ်ဆင့်ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံ့ခဲ့ရာ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ပျံ့နှံ့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော မွန်ဂိုလီးယားနိုင်ငံနှင့် ဗီယမ်နမ်နိုင်ငံတို့သို့ ကူးစက်ပျံ့နှံ့ခဲ့ပါသည်။
ကူးစက်ရာတွင် နာတာရှည်ကူးစက်ခြင်းနှင့် ရုတ်တရက်ကူးစက်ခြင်းဟူ၍ နှစ်မျိုး ရှိသည်။ နာတာရှည်ကူးစက်ခံရသော ဝက်များတွင် ခြေထောက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြားနီရဲခြင်း၊ ကိုယ်အပူချိန်မမှန်ခြင်း၊ ကိုယ်အလေး ချိန်လျော့ကျခြင်းစသည့် လက္ခဏာများ ခံစားရပါသည်။ ရုတ်တရက်ကူးစက်ခံရ သောဝက်များတွင် အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်ပြောင်းပြီး ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ရောဂါပိုး ပျိုးရက်မှာ ပုံမှန်အားဖြင့် လေးရက်မှ၁၉ ရက်အတွင်း ကြာပါသည်။
သို့သော်လည်း ရုတ်တရက်ဖြစ်ပွားသည့် အခြေအနေများတွင် သုံးရက်မှ လေးရက်အတွင်း ရောဂါဖြစ်ပြီး သေဆုံးတတ်ပါသည်။
လူသို့ မကူးစက်နိုင်
အဓိကကူးစက်သည့်နည်းလမ်းမှာ ရောဂါပိုးပါရှိသည့် ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ၊ သွားရည်၊ နှာရည်၊ မျက်ရည်၊ ဆီး၊ ဝမ်း၊ သွေး၊ အသားတို့နှင့် ထိတွေ့ခြင်း မှကူးစက်ပါသည်။ ထို့အပြင် မွှားကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်း၊ ရောဂါပိုးထိတွေ့ထားသော ဆေးထိုးအပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အထည်နှင့် ယာဉ်တို့မှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့ပါသည်။ သို့သော်လည်း အာဖရိက ဝက်အပြင်းဖျားရောဂါသည် တိရစ္ဆာန်များတွင်သာ ဖြစ်ပွားသော ရောဂါဖြစ်ပြီး လူသို့ ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ တရားဝင်ထုတ်ပြန်ကြေညာထားပါသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ရန်မလိုအပ်ပါ။
ထို့အပြင် မြန်မာနိုင်ငံတွင် ယနေ့အထိ အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွား တွေ့ရှိခြင်းမရှိသေးပါ။ ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၇/၉၃) အရ ပထမဦးစွာ (ခ)စာရင်းဝင်ကူးစက်ရောဂါအဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ (ခ)အဆင့် ကူးစက်ရောဂါဆိုသည်မှာ ရောဂါဖြစ်ပွားသော အသားကို စားသုံးခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သောရောဂါ(Meat Borne Zoonotic Discase) မဟုတ်ဘဲ တိရစ္ဆာန်မှ တိရစ္ဆာန်သို့သာ ကူးစက်စေသော ရောဂါဖြစ်ပါသည်။
ရောဂါဖြစ်ပွားမှု
အဆင့်လေးဆင့်အာဖရိကဝက်အပြင်းဖျားရောဂါသည် စက်ဝိုင်းပုံ(DNA)အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ အိမ်မွေးဝက်များနှင့် တောဝက်များတွင် အဖြစ်များ သည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ယခင်က အာဖရိကတိုက်ရှိ ဝက်များတွင်သာ အဖြစ်များသော်လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံရှိ ဝက်များတွင် ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှုတွင် အဆင့်လေးဆင့်ရှိပါသည်။ ဖြစ်ပွားသည့်အဆင့်များအပေါ်တွင် မူတည်၍ ရောဂါပြင်းထန်မှုကွာခြားသည်။
ဖြစ်ပွားမှုအဆင့်(၁)တွင် အရေပြား၌ အနီရောင်အစက်များဖြင့်ရုတ်တရက်သေဆုံးပါသည်။ အဆင့်(၂)တွင် ရောဂါကူးစက်ခံရပြီး နှစ်ရက်အတွင်း အပြင်း ဖျားခြင်း(အဖျား ၁၀၅ မှ ၁၀၇ ဒီဂရီဖာရင်ဟိုက်)၊ နားရွက်ဖျား၊ အမြီး၊ ရင်ဘတ်နှင့်ဝမ်းဗိုက်အရေပြားတို့တွင် ပန်းခရမ်းရောင်၊ အနီရောင်ဖြစ်နေခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ခြောက်ရက်မှ ၁၃ ရက်အတွင်းသေဆုံးခြင်း၊ ဇီးဝက်မများတွင်သားပျက်သားလျှောဖြစ်ခြင်းများ တွေ့ရတတ်ပါသည်။
ဖြစ်ပွားမှုအဆင့်(၃)တွင် အဖျားအနည်းငယ်ရှိပြီး အစာအနည်းငယ်သာစားကာ ၁၅ ရက်မှ ၄၅ ရက်အတွင်း သေဆုံးသွားတတ်သည်။ ဖြစ်ပွားမှု အဆင့်(၄)တွင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ အပူချိန်အတက် အကျရှိခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများတွေ့ရခြင်း၊ အရေပြားအနာ၊ ပုပ်ခြင်း၊ ဆွေးခြင်း၊ အဆစ်ရောင်ခြင်းများ တွေ့ရတတ်သည်။
ကာကွယ်ဆေးမရှိသေး
အာဖရိက ဝက်အပြင်းဖျားရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ထိရောက်စွာ ကုသပေးနိုင်သောဆေးလည်း မရှိသေးပါ။ ရောဂါလက္ခဏာ သက်သာစေရန်အတွက် အထောက်အကူပြုဆေးများ၊ ပဋိဇီဝဆေးများ၊ အဖျားကျဆေးများ ပေးခြင်းသာ ပြုလုပ်ပေးနိုင်သည်။ အခြားသော ဝက်ဝမ်းကျရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ စိန်ကွက်နာရောဂါ၊ ဆဲလ်မိုနဲလားရောဂါ၊ ပတ်စ်ကျူရဲလားရောဂါ၊ သွေးအဆိပ်သင့်ရောဂါများနှင့် မှားယွင်းနိုင်သောကြောင့် မျက်မြင်အားဖြင့် ရောဂါကိုအတည်ပြု၍ မရနိုင်ပါ။ ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်းများပေးပို့၍ စစ်ဆေးအတည်ပြု ချက်ရယူရန် လိုအပ်ပါသည်။
ရောဂါကာကွယ်ထိန်းချုပ်ရန်အကယ်၍ ရောဂါဖြစ်ပွားလာပါက ဖြစ်ပွားသောဝက်နှင့် အတူနေဝက်များကိုသီးသန့်ခွဲထားပါ။ ထို့အပြင် သေဆုံးသောဝက်၏ အစိတ်အပိုင်းများကို သယ်ဆောင်ခြင်း၊ လှီးဖြတ်ခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းတို့ မပြုလုပ်ရန်လိုအပ်ပါသည်။ ရောဂါ ဖြင့်သေဆုံးသောဝက်နှင့် အညစ်အကြေးများ၊ စားကြွင်းစားကျန်နှင့် အသုံးအဆောင်ပစ္စည်းများကို မြေမြှုပ်၍(သို့မဟုတ်) မီးရှို့၍ ဖျက်ဆီးပါ။ ရေမျောခြင်း၊ မြစ်ချောင်းများနှင့် ရေတွင်းရေကန်အနီး မြေမြှုပ်ခြင်းများ မပြုရပါ။ မြေမြှုပ်သော နေရာ၊ မီးရှို့သောနေရာနှင့် ဝက်ခြံကို မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများဖျန်းပါ။ မွေးမြူရေးခြံ၏ ဇီဝလုံခြုံမှုကို မြှင့်တင်၍ ခြံအတွင်းသို့ တိရစ္ဆာန်၊ လူ၊ ယာဉ်စသည်တို့ ဖြတ်သန်းသွားလာမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် လိုအပ်ပါသည်။
ဝက်ခြံလုပ်သားများအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ် စသည်တို့ကို အသုံးပြုပါ။ လက်ကို သေချာစွာ ဆေးကြောသန့်စင်၍ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရန်လိုအပ်ပါသည်။ ထို့အပြင် အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများကို ငှားရမ်း သုံးစွဲခြင်းမပြုရန်နှင့် အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန် လိုအပ်သည်။ ဝက်ခြံ၏ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်ရေးတို့ကို ဂရုပြုပါ။ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကိုသာ ဝယ်ယူမွေးမြူရန်နှင့်ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီသီးသန့်ခွဲထား၍ ရောဂါကင်းရှင်းကြောင်း သေချာမှသာ အတူတူရောမွေးရန်လည်း သတိပြုသင့်ပါသည်။
တုံ့ပြန်ဆောင်ရွက်ရန်
အစီအမံများပြည်သူများအနေဖြင့်မူ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် ရောင်းချနေသော ဆိုင်များမှ ဝက်သားများကို အန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာ ဝယ်စားနိုင်ကြ ပါသည်။ အကယ်၍ မိမိပတ်ဝန်းကျင်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွား လျှင်ဖြစ်စေ၊ ဖြစ်ပွားသည်ဟု သံသယရှိလျှင်ဖြစ်စေ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (သို့မဟုတ်) ကျေးရွာ/ရပ်ကွက် အာဏာပိုင်များထံသို့ အမြန်ဆုံးအကြောင်းကြား၍ အကူအညီများ ရယူနိုင်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့်လည်း ရောဂါဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ဒေသများတွင်လည်း ရောဂါနမူနာများရယူစုဆောင်းခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ်ကတည်းက ကျင်းပပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။
ဇီဝလုံခြုံရေး မြှင့်တင်ဆောင်ရွက်ရေးအတွက် နည်းပညာစာစဉ်များ၊ လစဉ်ထုတ်သတင်းလွှာများ၊ မွေးမြူသူများအတွက် အသုံးဝင်မည့် ရောဂါနှင့်ပတ်သက်သည့်အချက်အလက်များ၊ ရုပ်သံဖိုင်များ၊ ရုပ်ပုံကားချပ်များကိုလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖြန့်ဝေအသိပေးလျက်ရှိသည်။
ထို့အပြင် အာဖရိက ဝက်အပြင်းဖျား ရောဂါအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံပိုင် နေ့စဉ်သတင်းစာများမှသော်လည်း ကောင်း၊ ရုပ်မြင်သံကြားအစီအစဉ်များမှသော်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှသော်လည်းကောင်း ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။ ။
ဖေနှင်းငွေ