နေပြည်တော် ၁ ဇန်နဝါရီ
စက်လှေချင်း တွဲပြန်လာရာမှ လူသတ်ပြီး အလောင်းအား ကြိုးဖြင့်ချည်၍ ရေထဲချထားမှုဖြစ်စဉ် ဒီဇင်ဘာ ၂၉ ရက်က လက်ပံတန်းမြို့နယ်၊ သံပရာဂုန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သံပရာဂုန်ရွာနေ ဦးတင်ရွှေ (၇၂)နှစ်သည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ထွန်းထွန်း (၄၂)နှစ်နှင့် မြေးဖြစ်သူ ချစ်ဝေယံ (၁၀)နှစ်တို့ (၂)ဦးသည် နိုင်ဝင်း၏ ဈေးဆိုင်တွင် ဈေးဝယ်မည်ဟုပြောဆို၍ စက်လှေဖြင့် ထွက်သွားခဲ့ကြောင်း၊ ၎င်းဈေးဆိုင်၌ သဲကောဆည်ဘောင်နေ စိုးခိုင် (၄၉)နှစ်နှင့် တစ်ရွာတည်းနေ အောင်ကြီးတို့နှင့် တွေ့ဆုံပြီး ၎င်းတို့နှင့်အတူ နေအိမ်သို့အပြန် ထွန်းထွန်း၏ စက်လှေဘေးတွင် စိုးခိုင်၏လှေအား တွဲပြန်လာခဲ့ကြောင်း၊ လမ်းတစ်ဝက်ရှိ အောင်ကြီး၏ နေအိမ်တွင် မြေးဖြစ်သူ ချစ်ဝေယံနှင့် အောင်ကြီးတို့အား ပို့ပေးခဲ့ပြီး ထွန်းထွန်းသည် စိုးခိုင်နှင့် ၎င်း၏လှေအား ပို့ဆောင်ရန် ထွက်သွားခဲ့ရာက ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေစဉ် တစ်ရွာတည်းနေ ဦးအုန်းမောင် (၆၂)နှစ်မှ ထွန်းထွန်းအား စိုးခိုင်မှသတ်၍ ကြိုးဖြင့်ချည်ကာ နိုင်ကိုလွင်၏ တဲအနီးရှိ သစ်ငုတ်ဘေးရေထဲတွင် ချထားကြောင်း လာရောက်ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ ထွန်းထွန်းသည် အနက် (၅၂)ပေခန့်ရှိ ရေထဲတွင် ဒဏ်ရာများရရှိ၍ ရေပေါ်ပေါ်လျက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် အရေးယူပေးရန် တိုင်တန်းချက်အရ စိုးခိုင်အား လက်ပံတန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)