နေပြည်တော် မတ် ၁၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တတ်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူ တတ်မြောက်စေရန်၊ တတ်မြောက်လာသည့်နည်းပညာကို အသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမ နှင့်ကျေးလက်  ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခု သင်တန်းက သင်ကြားပို့ချပေးသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက  နိုင်ငံတော်က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့် အညီ MSME လုပ်ငန်းများအား ဖွံဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချပေးသည့် ယခုသင်တန်းသည် တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။

ယခုသင်တန်းကို မတ်၁၄  (၅) ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်