စေတုတ္တရာ ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ငှက်ဖျား ရောဂါဖြစ်ပွားမှု လျော့ကျစေရန်၊ ငှက်ဖျားရောဂါပြဿနာ၊ လက္ခဏာများ၊ ငှက်ဖျားရောဂါ ဖြစ်ပွားစေသော ခြင်များအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများ အကြောင်းကို အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စေတုတ္တရာမြို့နယ် Save The Children အဖွဲ့မှ ဖွင့်လှစ်သော လူထုအခြေပြု ဘက်စုံစေတနာ့ ဝန်ထမ်း(ငှက်ဖျား) လုပ်သားမွမ်းမံသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဓမ္မာစကူးလ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကုသရေးဉီးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းချစ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ခြင်း၊ တောတောင် ရေမြေများ ထူထပ်မှုတို့ကြောင့် မင်းဘူးခရိုင်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု အများဆုံးဒေသ ဖြစ်ကြောင်း ကျန်းမာရေးဌာနမှလည်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ Save The Children အဖွဲ့မှ ဉီးတင်ကိုဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၉)ဉီးအား သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို (၇.၁၀.၂၀၁၉)ရက်နေ့မှ (၁၁.၁၀.၂၀၁၉)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


