ကန့်ဘလူ ၂၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ငါးမွေးမြူရေးလုပ်ငန်း ဖွံဖြိုးတိုးတက်လာစေရေး၊ လူတစ်ဦးချင်း ငါးစားသုံးမှုမြင့်မားလာစေရေး၊ တရားမဝ်ငါးဖမ်းဆီးခြင်းလုပ်ငန်းများ မဆောင်ရွက်စေရေးတို့အတွက် ငါးမျိုးပြုန်းတီးမှုနှင့် ကျင်စက်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်နံနက်က ခရိုင်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း ငါးလုပ်ငန်းကဏ္ဍ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူတစ်ဦးချင်း ငါးစားသုံးမှု မြင့်မားလာစေရေး၊ မြစ်ချောင်းအင်းအိုင်၊ ဆည်တမံနှင့် သဘာဝရေပြင်များတွင် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် တိုင်းဒေသကြီး၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိစေရေး၊ ကိုဗစ်-၁၉ ကာလ ကျေးလက်ပြည်သူများ တစ်ဖက်တစ်လမ်းမှပံ့ပိုးမှုရရှိစေရန် မြစိမ်းရောင် (ငါးကဏ္ဍ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆောင်ရွက်ပေးမှုအခြေအနေ၊ တရားမဝင်ငါးဖမ်းဆီးမှုများ ပပျောက်စေရန်အတွက် Talk Show အစီအစဉ်ကို ခရိုင်ပြန်/ဆက်ဦးစီးဌာန နှင့်ပူးပေါင်းပြီး Online မှတစ်ဆင့် လွှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
ခရိုင်အတွင်း မြစ်ချောင်းအင်းအိုင်၊ ဆည်တမံနှင့် သဘာဝရေပြင်များတွင် ငါးသယံဇာတများ စဉ်ဆက်မပြတ် ပြန်လည်တိုးပွားလာစေရေးအတွက် ငါးသားပေါက်များ၊ ပုဇွန် သားပေါက်များကို နှစ်စဉ်မျိုးစိုက်ထည့်ပေးလျက်ရှိရာ ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ခြောက်သိန်းငါးသောင်း၊ ပုဇွန်သားပေါက်ကောင်ရေ နှစ်သောင်း တစ်ထောင် နှစ်ရာ မျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


