ပြည်ထောင်စုအဆင့်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း၏ အကျိုးရလဒ်ကြောင့် ကျေးလက်နေပြည်သူ ၇ ဒသမ ၁ သန်းကျော်သည် စီမံကိန်းမှ ပေါ်ထွက်လာသည့် အကျိုးကျေးဇူးများကို ရရှိခံစားနေရပြီဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လူထုဗဟိုပြုစီမံကိန်း ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲမှ သိရှိရသည်။
လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်၊ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်(မြောက်ပိုင်း)နှင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ် စသည့် မြို့နယ်သုံးမြို့နယ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန် ပြည့်စုံအောင် အကောင်အထည်ဖော်နိုင်သောကြောင့် ယခုအခါ ကျေးရွာ ပေါင်း ၁၂၀၀၀ ကျော်တွင် မှီတင်းနေထိုင်ကြသော ကျေးလက်နေပြည်သူ ၇ ဒသမ ၁ သန်း ကျော်တို့သည် စီမံကိန်း၏အကျိုးကျေးဇူးများကို လက်တွေ့ ရရှိခံစားနေကြရပြီဖြစ်သည်။
ယခုကဲ့သို့ အခြေအနေကောင်းများရရှိလာရာမှ အနာဂတ်ကာလများတွင် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ပိုမိုအရည်အသွေးပြည့်မီစွာဖြင့် အကောင်အထည်ဖော်ပြီး နိုင်ငံ၏လူဦးရေ အများဆုံးနေထိုင်သည့် ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးဟူသည့် လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် ဆောင်ရွက်ချက်များသည် ကျေးလက်ပြည်သူများ၏ လက်တွေ့ဘဝကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် အကောင်အထည်ဖော် ခဲ့ကြသော်လည်း ကျေးလက်ပြည်သူများဘဝနှင့် တစ်သားတည်းမကျသဖြင့် လူမှုဘဝများ ထူးမခြားနားဖြစ်ခဲ့ရပါသည်။ ယခုစီမံကိန်းမှာမူ ကျေးလက်နေပြည်သူများဘဝနှင့် ရင်းနှီး ကျွမ်းဝင်ဆုံး စီမံကိန်းတစ်ခုဖြစ်စေရန် အကောင်အထည်ဖော်နေသောကြောင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝများ ယခင်နှင့်မတူ သိသာထင်ရှားစွာ တိုးတက်လာသည်ဟု မျှော်လင့်ပါသည်။
လက်ရှိ၌ လူထုဗဟိုပြုစီမံကိန်းကို မြို့နယ်ပေါင်း ၆၃ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၂၀၀၀ ကျော်တွင် အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းအတွင်း၌ ပါဝင်သည့်ကျေးရွာများ အနေဖြင့် မိမိတို့ကျေးရွာများတွင် လိုအပ်လျက်ရှိသည့် လူမှုရေးဆိုင်ရာ အခြေခံအဆောက် အအုံများကို ကိုယ်တိုင်ရွေးချယ်ခြင်း၊ ကိုယ်တိုင်အကောင်အထည်ဖော်ခြင်း၊ ကိုယ်တိုင်ကြီး ကြပ်ခြင်းနှင့် ကိုယ်တိုင်တာဝန်ယူ၍ လုပ်ငန်းလည်ပတ်စေခြင်းဖြင့် ပြည်သူ့အားကို အဓိက ရယူထားသော လူထုကိုဗဟိုပြုသည့် လုပ်ငန်းစစ်စစ်ဖြစ်သည်။ အစမှ အဆုံးအထိ ပြည်သူက တာဝန်ယူ လုပ်ဆောင်ရသည့် စီမံကိန်းဖြစ်သည်။
စီမံကိန်းလုပ်ငန်းများတွင် လူထုသို့တိုက်ရိုက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ကူညီထောက်ပံ့မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသိပညာနှင့် လေ့လာသင်ယူခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှု အထောက်အကူပြုခြင်း၊ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ခြင်း စသည်တို့ ပါဝင်သည်။ စီမံကိန်းဒေသရွေးချယ်ရာတွင် ဆင်းရဲမွဲတေမှုကို အခြေခံမူအဖြစ် သတ်မှတ်သည့် အပြင် ဒေသအာဏာပိုင်များ၏ စီမံကိန်းအပေါ်လိုလားမှု အကောင်အထည်ဖော်နိုင်စွမ်းရှိမှု၊ ဒေသတည်ငြိမ်အေးချမ်းမှု ဆက်သွယ်သွားလာရေး အဆင်ပြေမှုနှင့် အခြားထောက်ပံ့ငွေမရရှိမှု စသည့်အချက်များအပေါ် မူတည်၍ ရွေးချယ်ထားသည်။
သို့ဖြစ်ရာ လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း ၈၀ ဖြင့် မြို့နယ်ပေါင်း ၁၅ မြို့နယ်တွင်သာ ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ရလဒ်ကောင်းများ ထွက်ပေါ်လာမှုကြောင့် တိုးတက်မှုများရရှိလာပြီဖြစ်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသများအားလုံး လူထုဗဟိုပြုစီမံကိန်း အကျိုးပြုမှုဖြင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။ ကြေးမုံ