ဟိုပုံး ၂၉ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့် အောင်မြင်မှု အခြေအနေများ သိရှိနိုင်ရန်အတွက် Mercycorps မှ Country Director. Mr. Leo နှင့် တာဝန်ရှိသူများက စက်တင်ဘာ စတုတ္ထပတ်က ဆီဆိုင်မြို့နယ်သို့ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြောင်း လူထုဗဟိုပြု စီမံကိန်းရုံးမှ သိရသည်။
အဆိုပါ Mercycorps မှ Country Director Mr. Leo ဦးဆောင်သည့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC)နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဆီဆိုင်မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး၌ စီမံကိန်း ဝန်ထမ်းများနှင့် တွေ့ဆုံရာ စီမံကိန်း အကောင်အထည်ဖော် ကာလအတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်းရာ မြို့နယ်နည်းပညာအကြံပေး(အဖွဲ့ခေါင်းဆောင်) ဦးမျိုးသန့်က စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက်အဆိုပါအဖွဲ့သည် နောင်ကျောကျေးရွာအုပ်စု၊ ထီဖူးကျေးရွာ၊ တဘက်ကျေးရွာ အုပ်စု၊ ဝိန်းကွန်ကျေးရွာနှင့် နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာနှင့် ထီတန်းကျေးရွာတို့ရှိ လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုကြပြီး အဆိုပါကျေးရွာတို့ရှိ ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်မှု စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး ကျေးရွာလူထုများအပေါ် အကျိုးသက် ရောက်မှု၊ ကျေးရွာမှ စီမံကိန်း လုပ်ငန်း လုပ်ဆောင်ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများအား မေးမြန်းခဲ့ရာ ကျေးရွာ ကော်မတီဝင်များနှင့် ကျေးလက်ပြည်သူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း မြို့နယ်လူထုဗဟိုပြု စီမံကိန်းရုံးမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


