တောင်ကြီး ၂၃ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းအတွက် ရှမ်းပြည်နယ်အတွင်း မြို့နယ်အသစ်(၁)မြို့နယ် ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးကို တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၊ NGO, INGO၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာများ၊ ပြည်နယ်/ရုံးခွဲ/ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်အောင်နှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်းတို့မှ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြသည်။
ရှမ်းပြည်နယ်တွင် လူထုဗဟိုပြုစီမံကိန်းအား နမ့်ဆန်၊ ဆီဆိုင်၊ မဘိမ်း၊ မောက်မယ်နှင့် မိုင်းခတ်မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိပြီး ယခုအစည်းအဝေးတွင် တက်ရောက်လာကြသူများမှ စီမံကိန်းမြို့နယ်အသစ်အား သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ရွေးချယ်ခဲ့ကြရာ တန့်ယန်းမြို့နယ်အား ပထမဦးစားပေး၊ ကျေးသီးမြို့နယ်အား ဒုတိယဦးစားပေး မြို့နယ်များအဖြစ် ရွေးချယ်ပေးခဲ့သည်။ ရွေးချယ်ရရှိသည့် ရလဒ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘောထားမှတ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာဦး(တောင်ကြီး)


