ဒီးမော့ဆို အောက်တိုဘာ ၉

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ပညာရေးဆိုင်ရာလုပ်ငန်းများအား လွှဲပြောင်းပေးအပ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အတွက် ကျေးရွာ လေးရွာ ရွေးချယ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးဆော်ရယ် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လူထုဗဟိုပြုစီမံကိန်းမှ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၆ ရွာ၊ လုပ်ငန်းပေါင်း ၁၂၅ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၂၀ တွင် ပညာရေးနှင့် သက်ဆိုင်သော လုပ်ငန်း ၂၂ ခု ပါဝင်သည့်အတွက် ယခုလို သက်ဆိုင်ရာပညာရေးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

၁

 

ထို့နောက် မြို့နယ်လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ ဦးဆော်ရယ်က စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ပညာရေးနှင့် သက်ဆိုင်သော လုပ်ငန်း အချက်အလက်များအား မြို့နယ်ပညာရေးမှူး ရုံးမှတာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်း ပေးအပ်သည်။

 

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးနိုင် က မြို့နယ် အတွင်း တစ်ရွာလျှင် ငွေကျပ် ၁၀ဝ သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာ လေးရွာ ရွေးချယ် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသော အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)အတွက် ကျေးရွာလေးရွာ ရွေးချယ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)