စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စက်ဝန်းအတွက် လုပ်ငန်းခွဲများ ရွေးချယ်ဆောင်ရွက်မှုနှင့် ပတ်သတ်၍ ပြန်လည်စိစစ်ပွဲကို ဒီဇင်ဘာ ၁၅ ရက်က မင်းတုန်းမြို့နယ် ခုန်တိုင်ကျင်းကျေးရွာ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ အဖွဲ့ခေါင်းဆောင် ဦးဝင်းသူရက အမှာစကား ပြောကြားပြီး ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက ကျေးရွာအတွက် အမှန်တကယ် လိုအပ်သည့်လုပ်ငန်းများကို ဖော်ထုတ်ရွေးချယ်ကြရန် မှာကြားသည်။
ဆက်လက်၍ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်ဆိုလူကျော်က လုပ်ငန်းခွဲများ ရွေးချယ်ရာတွင် ကျေးရွာလူထုအတွက် အကျိုးရှိသောလုပ်ငန်းခွဲများ ဖော်ထုတ်ရွေးချယ်နိုင်ရန် စီမံကိန်းသဘောတရားများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သည့်လုပ်ငန်း သုံးခုကို အပြီးသတ်ရွေးချယ် ဖော်ထုတ်ကြသည်။
ထို့နောက် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့မှ စောင့်ကြည့်ကြီးကြပ်ရေး တာဝန်ခံ ဒေါ်အိအိဖြိုးက စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါလုပ်ငန်းခွဲများ ရွေးချယ်ဆောင်ရွက်မှုနှင့်ပတ်သတ်၍ ပြန်လည်စိစစ်ပွဲသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာန လူထုဗဟိုပြုစီမံကိန်းမှ အဖွဲ့ခေါင်းဆောင် ဦးဝင်းသူရနှင့် ဝန်ထမ်းများ၊ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်ဆိုလူကျော်နှင့် အဖွဲ့များ၊ ကျေးရွာကော်မတီများနှင့် ဒေသခံ ကျေးရွာပြည်သူများ အပါအဝင် စုစုပေါင်းဦးရေ ၁၄ဝ ခန့် တက်ရောက်ကြောင်း သိရသည်။
မင်းမြင့်မိုရ်