အေးအေးနွဲ့(မြန်မာစာ)

 

ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်လျက်ရှိရာ ပြည်သူ့ဘဝမြင့်မားတိုးတက်စေရန် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများ များစွာပေါ်ထွက်လာသည့်အထဲတွင် လူထုဗဟိုပြုစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဦးဆောင်၍ အကောင်အထည်ဖော်သည့် အလေ့အကျင့်မျိုး ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်၏ ကနဦးစတင်ကူညီမှုနှင့် လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်တွင် ဆဋ္ဌမမြောက်နှစ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် စီမံကိန်းဖြစ်သည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ပြည်သူလူထုအတွက် အဓိကကျသော အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့် အလွယ်တကူ ရယူအသုံးပြုနိုင်စေရန် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၆၃ မြို့နယ် မှ ပြည်သူလူထု ခုနစ်သန်းကျော်အတွက် ထောက်ပံ့ပေး နိုင်ခဲ့သည်။ ပြည်သူလူထုကိုယ်တိုင် ရွေးချယ်၊ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်၍ ကိုယ်တိုင်စောင့် ကြည့်စစ်ဆေးခွင့်ရရှိသော အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား ၁၆၂၉၂ ၊ ရေပေးရေးလုပ်ငန်းပေါင်း ၃၈၈၇ ခု၊ မီးလင်းရေးလုပ်ငန်း ၂၄၀၂ ခု၊ စာသင်ကျောင်း တည်ဆောက်ခြင်း၊ ပြန်လည်မွမ်းမံခြင်းလုပ်ငန်း ၄၄၆၃ ခု၊ ကျန်းမာရေးအဆောက်အအုံ ၁၂၄ ခု၊ ခန်းမဆောင် ၁၉၇၄ ခုနှင့် အခြားလုပ်ငန်းပေါင်း ၁၁၁၀ ခု စုစုပေါင်း ၃၀၂၅၂ ခု တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်စဉ်က ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေအမေရိကန် ဒေါ်လာသန်း ၈၀ ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ဘဏ်၏ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ၊ အီတလီအစိုးရနှင့် ယူကေ နိုင်ငံတို့မှ နှစ်ရှည်ချေးငွေနှင့် ထောက်ပံ့ငွေများ နှင့်အတူ မြန်မာနိုင်ငံအစိုးရ၏ ထည့်ဝင်ငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၄ သန်းခန့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။

လူထုဗဟိုပြုစီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခြင်း၊ ငွေကြေးခွဲဝေသုံးစွဲခြင်း၊ လုပ်ငန်းလည်ပတ် ထိန်းသိမ်းရေး၊ လွတ်လပ်စွာဝေဖန်အကြံပြုနိုင်သည့် အခွင့်အရေးဟူ၍ အပိုင်းငါးပိုင်းဖြင့် ဆောင်ရွက်ပါသည်။

ဒေသဖွံ့ဖြိုးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း

လူထုဗဟိုပြုစီမံကိန်းသည် ကျေးရွာဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ခွင့်ရသည့် စီမံကိန်းဖြစ်သည်။ လူထု အနေဖြင့် ကျေးရွာအတွင်း လိုအပ်ချက်များကို ဆန်းစစ် သည့်အဆင့်မှစ၍ လေးနှစ်စာ ဦးစားပေးစီမံကိန်း လုပ်ငန်းများ ပါဝင်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲပြီးသည်အထိ လူထုအားလုံး ပါဝင်ဆောင်ရွက် ကြရသည်။ ပထမအဆင့်အနေဖြင့် ကျေးရွာတွင် ကျေးရွာ လူထုအနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်သော တစ်ရက်တာ အစည်းအဝေးများ ကျင်းပပြီး ရွာ၏လက်ရှိအခြေအနေ ကို သုံးသပ်ဆွေးနွေးကြသည်။ ထိုအဆင့်တွင် လူထု ပူးပေါင်းပါဝင် ဆန်းစစ်ခြင်းအခြေခံနည်းလမ်း ခြောက်ခု ဖြစ်သော-

(က) လူမှုရေးအခြေပြနှင့် သယံဇာတအရင်းအမြစ်ပြ မြေပုံရေးဆွဲခြင်း၊

(ခ) ဥစ္စာဓနပိုင်ဆိုင်မှုအဆင့် ခွဲခြားသတ်မှတ်ခြင်း၊

(ဂ) ကျား/မ ကဏ္ဍပိုင်ဆိုင်မှု ဆန်းစစ်ခြင်းနှင့် ကျား/ မကဏ္ဍ ပင့်ကူအိမ်သုံးသပ်ခြင်း၊

(ဃ) ရာသီခွင်ပြက္ခဒိန်ရေးဆွဲခြင်း၊

(င) ဗင်းပုံစံအသုံးပြု၍ ဒေသတွင်းဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုများကို လေ့လာခြင်းနှင့်

(စ) မျှော်မှန်းချက်များ ရေးဆွဲခြင်းနည်းလမ်းများကို အသုံးပြုသည်။

ပထမအကြိမ် ကျေးရွာအစည်းအဝေး၏ သုံးသပ် ချက်များမှ ရရှိလာသည့် လူမှုဆန်းစစ်ချက် အနှစ်ချုပ် အပေါ်မူတည်၍ စီမံကိန်းအတွက် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ရန် ကျေးရွာအဆင့် ဒုတိယအကြိမ် အစည်း အဝေးထပ်မံကျင်းပရသည်။ ထိုအစည်းအဝေးတွင် လူထု ဗဟိုပြုစီမံကိန်း လေးနှစ်တာကာလအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရန် အကျုံးဝင်သော စီမံကိန်း လုပ်ငန်းများ၊ အကျုံးမဝင်သော စီမံကိန်းလုပ်ငန်းများ၊ ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများဟူ၍ ကျေးရွာလူထု က မဲခွဲဆုံးဖြတ်ပါသည်။ အဆိုပါအစည်းအဝေး နှစ်ခုမှ ရရှိ လာသည့် အချက်အလက်များကို မှတ်တမ်းတင်သိမ်းဆည်း ထားပြီး ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် စာအုပ်အဖြစ် ပြုစု ရေးသားကြသည်။ ကျေးရွာ တစ်ရွာချင်းစီအတွက် ဦးစား ပေးလုပ်ငန်းများ သတ်မှတ်ပြီးနောက် ကျေးရွာအုပ်စု အဆင့်တွင် ကျေးရွာအားလုံးမှ တင်ပြလာသော ကျေးရွာ ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြန်လည်သုံးသပ်ကြသည်။ ထိုအဆင့်တွင် ကျေးရွာ တစ်ရွာချင်းစီ၏ ဦးစားပေး လုပ်ငန်းခွဲများ စာရင်းနှင့်အတူ စီမံကိန်း လေးနှစ်စာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို သဘောတူဆုံးဖြတ်ကြသည်။ ထိုမှ တစ်ဆင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်ရေး အထောက်အကူပြုကော်မတီ သို့ တင်ပြ၍ အတည်ပြုချက်ရယူပါသည်။

ကျေးရွာအုပ်စုမှ တင်ပြလာသည့် ဖွံ့ဖြိုးရေးစီမံကိန်း များသည် အခြားဌာနဆိုင်ရာ သို့မဟုတ် အခြားစီမံကိန်းများ မှ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ထပ်နေပါက နောက်ထပ်ဦးစားပေးလုပ်ငန်းများ ရွေးချယ်ရန် ကျေးရွာ အုပ်စုသို့ ပြန်လည်အကြောင်း ကြားပါသည်။ ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြု ကော်မတီအနေဖြင့် ကျေးရွာ အုပ်စုအဆင့်တွင် အစည်းအဝေးပြန်လည်ကျင်းပ၍ ဦးစား ပေးလုပ်ငန်းများကို ပြန်လည်ညှိနှိုင်းရွေးချယ်ကြ သည်။ အဆိုပါ အစည်းအဝေးမှ ရရှိလာသည့် ကျေးရွာအုပ်စုဖွံ့ဖြိုး ရေး အစီအစဉ်ကို မြို့နယ်အဆင့်သို့ ပြန်လည်ပေးပို့၍ အတည်ပြုချက်ရယူပါသည်။ မြို့နယ်စီမံကိန်းအထောက် အကူပြုကော်မတီ၏ အတည်ပြုချက်ရရှိပြီးသည့် ကျေးရွာ အုပ်စုများအနေဖြင့် ၎င်းတို့ ရွေးချယ်ထားသည့် စီမံကိန်း လုပ်ငန်းခွဲများကို စတင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပြီဖြစ်သည်။

ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း

မြို့နယ်စီမံကိန်းအထောက်အကူပြု ကော်မတီအနေ ဖြင့် ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံကိန်းများကို အတည်ပြု ပေးရန် သုံးသပ်ရာတွင် အခြားဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရသကဲ့သို့ စီမံကိန်းတစ်နှစ်တာကာလ ပြီးဆုံးချိန်တွင် မြို့နယ်အဆင့် သက်ဆိုင်သူအားလုံး ပါဝင် သော သုံးသပ်ဆွေးနွေးပွဲကျင်းပပြီး အဆိုပါအစည်းအ‌ဝေး တွင် ကျေးရွာလူထုများနှင့်အတူ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ စီမံကိန်းပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်း ဆွေးနွေးကြသည်။

ထို့အပြင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် သည့် လေးနှစ်တာကာလအတွင်း နှစ်နှစ်လျှင် တစ်ကြိမ် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပဆွေးနွေးပါသည်။ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် လာသူများအနက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများအား အဖွဲ့ လေးဖွဲ့စီခွဲကာ အခြေခံအဆောက် အအုံ၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားထပ်တိုး တောင်းဆိုမှုများဟူ၍ ကဏ္ဍလေးခုခွဲကာ ဆွေးနွေးခဲ့ကြ သည်။ အလုပ်ရုံဆွေးနွေးပွဲများတွင် ဌာနဆိုင်ရာ စီမံကိန်း များနှင့် ဒေသတွင်းဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ၏ စီမံကိန်းလုပ်ငန်းများအကြား အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ကျေးရွာများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးလာနိုင်သည်။ ထိုသို့ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းလာသည်နှင့်အမျှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပံ့ပိုး ပေးနိုင်သည်။

ငွေကြေးခွဲဝေသုံးစွဲခြင်း

စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အပိုင်း ငါးပိုင်း ပါဝင်သည်။ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ ကို ကျေးရွာအုပ်စုငွေစာရင်းသို့ တိုက်ရိုက်လွှဲပြောင်းပေးအပ်ခြင်း၊ ကူညီထောက်ပံ့မှုနှင့် စွမ်းဆောင်ရည်မြှင့်တင် ခြင်း၊ အသိပညာနှင့် လေ့လာသင်ယူခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်မှုအထောက်အကူပြုခြင်းနှင့် အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေး

လူထုဗဟိုပြုစီမံကိန်းတွင် စီမံကိန်းလုပ်ငန်းခွဲများကို လူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ရသကဲ့သို့ စောင်ကြည့်ကြီးကြပ်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ရသည်။ စီမံကိန်းအကောင်အထည်ဖော်မှု ကာလ လေးနှစ်ပြည့်မြောက်ပြီးသည့်အချိန်တွင် မိမိတို့ ဆောင်ရွက်ထားရှိခဲ့သော စီမံကိန်းလုပ်ငန်းခွဲများအား ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်း လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြရပါသည်။ ထိုသို့ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို လူထုအင်အားဖြင့် ဆောင်ရွက်ရန် အစီအစဉ်များ ထားရှိသကဲ့သို့ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကလည်း ကြိုတင် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းလွှဲပြောင်းခြင်းများ ဆောင်ရွက်ကြပါသည်။ လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များ လုပ်‌ဆောင်ရခြင်း ၏ အဓိကရည်ရွယ်ချက်မှာ အကောင်အထည်ဖော်ထား သော စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် ကြိုတင်ပြင်ဆင်ထိန်းသိမ်းနိုင်ရန်၊ လူထုကိုယ်တိုင် တည်ဆောက်ထားသည့် လုပ်ငန်းများအပေါ် လူထု ကိုယ်တိုင်အမြဲပြုပြင် ထိန်းသိမ်းစောင့်ရှောက်လိုသည့် အသိစိတ်ဓာတ်များ ဝင်ရောက်လာစေရန်နှင့် သက်ဆိုင် ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်တတ်စေ ရန်ဖြစ်သည်။ သို့ဖြစ်၍ လူထု၏ အသိဉာဏ်ပညာနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုသည် အရေးပါလှပေသည်။

လွတ်လပ်စွာဝေဖန်အကြံပြုနိုင်သည့်အခွင့်အရေး

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူထုကိုယ်တိုင် ဦးဆောင်ပါဝင် ဆောင်ရွက်ခွင့်ရသကဲ့သို့ တစ်စုံတစ်ရာ မကျေနပ်မှုရှိလာ ပါက လွတ်လပ်စွာဖော်ထုတ်နိုင်စေရန် ဝေဖန်အကြံ ပြုနိုင်သည့်နည်းလမ်းများ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ဝေဖန် အကြံပြုစာပေါင်း ၂၅၀၀ ကျော် လက်ခံရရှိပြီး ၉၉ ဒသမ ၉ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ခဲ့သည်။

နှစ်စဉ် ကျင်းပခဲ့သည့် သုံးသပ်ဆွေးနွေးပွဲများမှ ရရှိလာခဲ့သည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့် စိန်ခေါ်မှု များကို ဖြေရှင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန် ပြည့်စုံစေရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ယနေ့အထိ စီမံကိန်းကျေးရွာပေါင်း ၁၂၀၀၀ ကျော်မှ ကျေးလက်လူဦးရေ ၇ ဒသမ ၁ သန်း ကျော်သည် လူထုဗဟိုပြု စီမံကိန်း၏ အသီးအပွင့်အကျိုး ကျေးဇူးများကို ရရှိခံစား နေကြရပြီဖြစ်သည်။ မူလက အမေရိကန်ထောက်ပံ့ငွေ ဒေါ်လာသန်း ၈၀ နှင့် စတင် ခဲ့သည့် လူထုဗဟိုပြုစီမံကိန်း သည် ခြောက်နှစ်မြောက် သည့် ယနေ့အချိန်တွင် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ၊ အီတလီအစိုးရမှ ချေးယူငွေ ယူရိုသန်း ၂၀၊ ITALY DFD SWAP မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သုံးသန်း၊ နိုင်ငံတော်ထည့်ဝင်ငွေအမေရိကန်ဒေါ်လာသန်း ၃၀ တို့နှင့်အကောင်အထည် ဖော်ပေးနေသည့် အမျိုးသားအဆင့် စီမံကိန်းကြီးတစ်ခု အဖြစ် ရောက်ရှိလာပြီ ဖြစ်သည်။

ထို့အပြင် လူထုဗဟိုပြုစီမံကိန်းသည် စုပေါင်း ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဆောင်ရွက်တတ် သည့်ဓလေ့များ စွဲမြဲခိုင်မာစေမှုနှင့်အတူ စီမံကိန်းကျေးရွာ များတွင် လမ်း၊ တံတား၊ ရေ၊ မီးနှင့်ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာသည့် အတွက် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာလျက်ရှိသည်။ ထိုသို့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂက ချမှတ်ထားသည့် ဖွံ့ဖြိုးမှုပန်းတိုင်၏ ပန်းတိုင်အမှတ် (၅၊၆၊၇၊၉) တို့ကို တစ်ပြိုင်တည်း ဖြည့်ဆည်းပေးရာရောက်ခဲ့ပါသည်။ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီစေရန် ကျေးလက်ဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့မှ နည်းပညာစစ်ဆေးခြင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ငွေစာရင်းစစ်ဆေးခြင်းနှင့် လူထုကိုယ်တိုင် စစ်ဆေးအကဲဖြတ်ခြင်းတို့ကို စနစ်တကျဆောင်ရွက် သည့် နိုင်ငံတကာအဆင့်မီသည့် စီမံကိန်းဖြစ်သည်။

ပြည်သူအခြေပြုစီမံကိန်းများ၏အစ လူထုဗဟိုပြု စီမံကိန်းကဟု ဆိုရလောက်အောင်ပင် လူထုဗဟိုပြုစီမံ ကိန်းသည် ကျေးလက်ပြည်သူများနှင့် အရင်းနှီးအကျွမ်း ဝင်ဆုံး စီမံကိန်းဖြစ်သည့်အပြင် ကျေးလက်ပြည်သူဘဝ မြင့်မားတိုးတက်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် သည့် လူထုဗဟိုပြုစီမံကိန်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆန္ဒပြုရင်း ။ ။

မြန်မာ့အလင်း