နေပြည်တော် ၂၀ စက်တင်ဘာ
ပြည်သူလူထု လူနေမှုဘဝ၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးသည် အလွန်အရေးကြီးသည့် အရေးကိစ္စဖြစ်ပါသည်။ ပြည်သူကိုဗဟိုပြုသည့် ဒီမိုကရေစီ ခေတ်ကာလတွင် ပြည်သူ့ဘဝမြင့်မားတိုးတက်ရေးသည် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စဖြစ်ပါသည်။ ဒီမိုကရေစီမဟုတ်သော ကာလက ပြည်သူလူထုကို အလေးမမူသဖြင့် လူမှုဘဝများ နိမ့်ကျခဲ့သည်ကို ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသည်။
ပြည်သူလူထု၏ လူမှုဘဝကိုမြှင့်တင်ရာတွင် မြို့ပြဒေသနေ ပြည်သူများမှာ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အခြေအနေသစ်သို့ ရောက်ရှိလာသောကြောင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူလူထု၏ လူမှုစီးပွားဘဝလည်း ကျွဲကူးရေပါဆိုသကဲ့သို့ လိုက်ပါဖွံ့ဖြိုးတိုးတက်လာပါသည်။ သို့သော် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမှာမူ ရေနည်းငါးဆိုသကဲ့သို့ ကျေးလက်ဒေသများ မဖွံ့ဖြိုးဘဲ လူမှုစီးပွားဘဝများလည်း နိမ့်ကျနေဆဲဖြစ်ပါသည်။
ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးတို့ကိုခေတ်အဆက်ဆက်၌ နှစ်အလိုက် ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ပါသော်လည်း နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအထောက်အပံ့မှာ ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့ ခရီးမပေါက်မထိရောက်ဘဲ ဖြစ်နေပါသည်။ အဓိကမှာ ကျေးလက်ဒေသများတွင် အလုပ်လုပ်နိုင်သော လုပ်အားများလည်းရှိ၊ လုပ်နိုင်ကိုင်နိုင်သည့် သဘာဝ အရင်းအမြစ်များလည်း ရှိနေပါသော်လည်း လယ်ယာစီးပွား၌ လုပ်သာကိုင်သာမရှိသော အခြေအနေအမျိုးမျိုးတို့ကြောင့် လူမှုဘဝနိမ့်ကျဆဲဖြစ်နေရသည်။
ယင်းသို့သော အခြေအနေတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်ကို ကြိုဆိုရမည်ဖြစ်သည်။
လူထုဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေခြင်းနှင့်အတူ သဘာဝဘေးအ္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းလာစေ ရန်ဖြစ်သည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်တို့က ပဏာမ စူးစမ်းလေ့လာမှုလုပ်ငန်းများကို တစ်နှစ်ကြာ လေ့လာခဲ့ကြပြီးနောက် စီမံကိန်းဒီဇိုင်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ စီမံကိန်းဒီဇိုင်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၉၅ သန်း ဖြစ်ပြီး စီမံကိန်းကာလကို ၂၀၁၉-၂၀၂၀ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ သတ်မှတ်ထားသည်။
စီမံကိန်းဒေသများမှာ ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန် လေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ဖောင်းပြင် လေးမြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး သုံးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ သုံးမြို့နယ် စုစုပေါင်း ၁၇ မြို့နယ်ကိုကာလ အပိုင်းအခြားအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ ကျေးလက်ဒေသများ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ အထောက်အပံ့ အကူအညီများကို မနိုင်မနင်း ဆောင်ရွက်ခြင်းမပြုဘဲ အချိုးညီမျှတပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီစွာဖြင့် ကျေးလက်ပြည်သူများကိုယ်တိုင် ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းဖြင့် စီမံကိန်းအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ