ထားဝယ် ၈ ဒီဇင်ဘာ
ထားဝယ်မြို့ နယ်စည်ပင်သာယာရေးကော်မတီနှင့် Clean Dawei အဖွဲ့တို့ ပူးပေါင်းကျင်းပသော လူထုပူးပေါင်းပါဝင်မှုရှိသော အမှိုက်စနစ်တကျ စွန့်ပစ်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အထူးသဖြင့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်/မြို့ပြ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာရေးကို အထူးလေးထားပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကော်မတီဝင်များ၊ ဌာန၀န်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မူများသည် ပြည်သူကို မျက်နှာမူသော လုပ်ဆောင်မူများ ဖြစ်ဖို့က အရေးကြီးကြောင်း၊ ယနေ့ကျင်းပသော လူထုပူးပေါင်းပါဝင်မှုရှိသော အမှိုက်သိမ်းစနစ် ရှိလာစေရေး အလုပ်ရုံဆွေးနွေးပွဲမှသည် ထားဝယ်ဒေသအတွက် ကောင်းမွန်သောရလဒ်များ ရရှိလာစေရန် ဆွေးနွေးအဖြေရှာပေးကြပါရန်နှင့် ရှေ့ဆက် စည်ပင်သာယာရေးလုပ်ငန်းများတွင် ယခုလို အင်တိုက်အားတိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက လမ်းညွှန်အမှာစကား ပြောကြားပြီး Clean Dawei အဖွဲ့မှ ဦးအောင်ကိုက အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာသော မြို့တော်ဖြစ်လာစေရေး၊ စည်ပင်သာယာရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ Clean Dawei အဖွဲ့မှ ဒေါ်ပိုးအိုလေးက ထားဝယ်မြို့ပေါ် ရပ်ကွက် (၅)ရပ်ကွက်မှ ပြည်သူများ ပူးပေါင်းပါဝင်မှုရှိသော အမှိုက်ကောက်သိမ်းခြင်းစနစ်တစ်ခု ဖြစ်ပေါ်လာစေမည့် လူထုစစ်တမ်း ရလဒ်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ခြင်းခေါင်းစဉ်၊ အမှိုက်ကို စနစ်တကျမစွန့်ပစ်ပါက ရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ အမှိုက်ကို စနစ်တကျစွန့်ပစ်နိုင်အောင် မည်သို့
ဆောင်ရွက်သင့်သနည်း အကြောင်းများကို အုပ်စုများဖွဲ့၍ စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပြီး Clean Dawei အဖွဲ့ ဦးဟိန်းထက်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Clean Dawei အဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)


