လူထုသတင်းစာနှင့် တကယ့်ကာတွန်းဆရာ

၇  နိုဝင်ဘာ

၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ လူထုသတင်းစာကို စတင်ထုတ်ဝေပါတယ်။ မန္တလေးက ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက လူထုသတင်းစာက ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ စာပေဂုဏ်ဒြပ်တွေလည်းဖြစ်တဲ့ အခြေခံလယ်သမား၊ အလုပ်သမားအရေး၊ အမျိုးသား အရေး၊ စာပေယဉ်ကျေးမှုအရေး၊ပြည်တွင်းငြိမ်းချမ်းရေး စံတွေကို ကိုင်စွဲခဲ့တယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များကတော့ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။ လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာသမိုင်းမှာ သိက္ခာရှိသော သတင်းစာအဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။

လူထုသတင်းစာကို မျက်မုန်းကျိုးတယ်

ဒီတော့ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ်သတ်ဖြတ်၊ ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူတွေ၊ ကိုယ်ကျိုးစီးပွားကိုပဲ ဖက်တွယ်ပြီး အမျိုးသားရေးကို လျစ်လျူရှုနေသူတွေ၊ စာပေယဉ်ကျေးမှုကို ချောင်ထိုးပြီး အဆန်းထွင် ဗိုလ်ကျချင်သူတွေ၊ စစ်ပွဲကို ဗန်းပြအာဏာယူ၊ လုပ်စားအနိုင်ကျင့်နေသူတွေက လူထုသတင်းစာကိုမျက်မုန်းကျိုးတယ်။ အမျိုးမျိုးတံဆိပ်ကပ်ပြီး အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေကို ဖမ်းတယ်။ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲတယ်။ နောက်ဆုံး ထုတ်ဝေခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်တယ်။ ဒါကြောင့်လည်း အဆက်ဆက်အစိုးရများရဲ့ မျက်စိစပါးမွေးစူးခံရကာ ဖိနှိပ်မှုတွေလည်း ဆက်တိုက်ခံခဲ့ရတယ်။ ၁၉၄၉ ခုနှစ်မှာ အစိုးရက သတင်းစာတိုက်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်။ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ တို့ကိုလည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့တယ်။ လူထု အယ်ဒီတာတွေ၊ လူထုနဲ့ပတ်သက်သူတွေကိုလည်း မျက်မုန်းကျိုးကာ အပြစ်မရှိအပြစ်ရှာ ဖမ်းဆီးခဲ့တယ်။ သတင်းစာကိုလည်း၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိအောင် လုပ်ငန်းလိုင်စင် ချထားမှု ရပ်ဆိုင်းခဲ့တယ်။

သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင်

အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ | အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင်တွေ သာမက ပန်းချီဆရာ၊ ကာတွန်းဆရ၁ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့ မူဝါဒအပေါ် ယုံကြည် လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။ အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီးရက်ကြီးတွေဆိုရင် ထူးခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက်အောင်ပါပဲ။ ဒီအထူးထုတ် သတင်းစာက ပန်းချီဆရာတွေထဲမှာ လူငယ်ပန်းချီ ဆရာလေးတွေဖြစ်တဲ့ ပေါ်ဦးသက်နဲ့ ဝင်းဖေလည်းပါတယ်။ သူတို့က လူထုသတင်းစာမှာ ပန်းချီသာမက ကာတွန်းလည်း ပင်တိုင်ဆွဲတယ်။

တစ်ချိန်က ကာတွန်းဆရာဘဝကို ဖြတ်သန်းခဲ့သူ

ပေါ်ဦးသက်ဟာ တစ်ချိန်က ကာတွန်းဆရာဘ၀ကို ဖြတ်သန်းခဲ့သူ တစ်ယောက်ပါ။ အမေရိကန်ပြည်  “Famous Artist School” ရဲ့ စာပေးစာယူသင်တန်းသား တစ်ဦးဖြစ်ခဲ့ဖူးပြီး ဒီသင်တန်းရဲ့ သင်ခန်းစာတော်တော်များများဟာ “ကာတွန်းပညာ” တွေပဲ ဖြစ်ပါတယ်။ (၁၉၅၉) ခက်တော့ လူထုသတင်းစာမှာ ကာတွန်းတွေဆွဲခဲ့ပါတယ်။ နောက် ကြေးမုံမှာလည်း ရေးခဲ့ပါသေးတယ်။ လူထုမှာမရေးခင် မန္တလေးမှာ ကိုတင်ဝင်း (ဒါရိုက်တာဝင်းဖေညီ) တို့နဲ့ တွဲပြီး “ဂလိ” စာစောင်ထုတ်ကြသေးတာပေါ့။

“အဲဒီတုန်းက ပညာပေးသက်သက်သာ ဖော်ညွှန်းပြီး ဝင်းဖေနဲ့ လုပ်လိုက်ကြတာ အလုပ်ကောင်းလို့ ပြုတ်သွားပြီးမှ လူထုရောက်သွားကြတာ”လို့ ဆရာက ပြောပြဖူးပါတယ်။ လူထုသတင်းစာမှာ ကာတွန်းဆွဲတော့ ဆရာကိုယ်နှိုက်က တော်တော်ကြိုးစားခဲ့တယ်လို့လည်းပြောပြတယ်။ တကယ်တမ်းသတင်းစာ ကာတွန်းသမားဆိုတာ ရောဂါရှိနေမှ ....။ ဒီရောဂါကို  ကိုယ်တိုင်ခံစားနေရရုံတင်မက တခြားသူတွေကိုပါ ဝေမျှခံစားစေချင်တာ ...။ ကူးစက်စေချင်တာကိုး ...။

ကာတွန်းကို ဦးစားပေးတဲ့နေရာမှာ

ပေါ်ဦးသက်ဟာ လူထုသတင်းစာမှာ “သူတော် ” ဆိုပြီး စာမဲ့ကာတွန်းရေးပါတယ်။ “အောင်အောင်” ဆိုပြီးတော့လည်း ရှေးပုံစံ ဇာတ်တော်မျိုးလည်း ရေးတာပါပဲ။ သတင်းစာကာတွန်းဆိုတာ နေ့စဉ်ထုတ်ဆိုတော့ ကွင်းကွင်းကွက်ကွက် ချက်ချင်းလက်ငင်း ရေးနိုင်ရတယ်။ အကြိတ်အနယ်လုပ်ရတဲ့ နိုင်ငံရေးကာတွန်းမျိုးတွေပဲ မဟုတ်လား။ နံနက် ၁၁ န၁ရီ ၁ ချက်လောက် သတင်းစာတွေ စုံအောင်ရေတက်လာရင် စုပြီးဖတ်လိုက်ကြတာ ညနေ ၃ နာရီလောက်ဆို ပြီးပြီတဲ့။ အရေးကြီးတဲ့ သတင်းကို ဟာသနှောပြီးကာတွန်းရေးကြတာ။ ပေါ်ဦး သက်ရယ်၊ ဝင်းဖေရယ် တစ်ပုံစီပေါ့။

တကယ်တော့ ကာတွန်းကို ဦးစားပေးတဲ့နေရာမှာ လူထုသတင်းစာဟာ ထိပ်ဆုံးကပါခဲ့ပါတယ်။ ကာတွန်းရဲ့ အနေအထား တန်ဖိုးကို စေ့စေ့စပ်စပ်အကဲဖြတ်ပြီးနေရ ပေးခဲ့ပါတယ်။ လတ်တလော အရေးကြီးတဲ့ ပြည်တွင်း၊ ပြည်ပအခြေအနေကို မီးမောင်းထိုးပြတဲ့ ကာတွန်းမျိုးကို မျက်နှာဖုံးမှာ တလေးတစား သုံးခဲ့ပါတယ်။

ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ရဲ့ ကာတွန်းဩဇာ

ပေါ်ဦးသက်နဲ့ ဝင်းဖေ သတင်းစာရဲ့ အာဘော်။ ရပ်တည်ချက်ကို တင်းခနဲ ထင်းခနဲ မြင်နိုင်တဲ့ သတင်းကာတွန်းမျိုးကိုသာမက ပေါ်ဦးသက်က သူပင်တိုင်ရေးခဲ့တဲ့ “သူတော်” စာမဲ့ကာတွန်းမှာတောင် လေးလေးနက်နက် ဆွဲခဲ့ပါတယ်။ “သူတေ” ကာတွန်းတွေဟာ ဒီကနေ့အထိ ခေတ်မီ အဆင့်မြင့်တဲ့ “အတွေးအခေါ်ပါ” ကာတွန်းတွေပါ။ သာမန်အတွေးမျိုးမဟုတ်ဘဲ(သီးခြားသဘော) ကာတွန်းဆရာလိုင်စင်ကို လိမ္မာပါးနပ်စွာ အသုံးချခဲ့တဲ့ ကာတွန်းကွက်တွေပါ။ တော်လှန်ရေးကောင်စီတက်ချိန် နိုင်ငံရေးပေါ်လစီကို စောင့်ကြည့်ရမှာမို့ ရေးနေကျ သတင်းကာတွန်းတွေမဟုတ်ဘဲ ဟာသကဲတဲ့ ရေသူမပင်တိုင် ကာတွန်းတွေပဲ ဝင်းဖေက ရေးတော့လည်း ပရိသတ်က အစိုးရကို ပညာသားပါပါ သရေတယ်လို့ပဲ ယုံကြည်ကြပါတယ်။ အဲဒီလောက်အဓိပင် ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ရဲ့ ကာတွန်းဩဇာက ကြီးခဲ့ပါတယ်။

ပေါ်လစီကာတွန်းတွဏ ထိမိလွန်စတော့

အဲဒီခေတ်တုန်းက ပေါ်ဦးသက်တို့၊ ဝင်းဖေတို့ ပေါ်လစီကာတွန်းတွေက ထိလွန်းတော့ မြန်မာတစ်ပြည်လုံးက စောင့်ကြည့်နေကြတာပါ။ ကြေးမုံကဆို (အဲဒီခေတ်က) တစ်ထောင်တောင်ပေးခေါ်သတဲ့။ ကြေးမုံ သတင်းစာက လခတစ်ထောင်ပေးခေါ်ရလောက်အောင် မြန်မာသတင်းစာတွေကလည်း လေးစားလိုလားမှု ရှိတယ်။ မနက်လင်းရင် လူထုသတင်းစာတိုက်ကို တယ်လီဖုန်း တဂွမ်ဂွမ်ဆက်ပြီး ကာတွန်းပုံကို မေးကြမြန်းကြ။ စာဖတ်ပရိသတ်က အလောင်းအစားလုပ်ရင် ပရိသတ်က စိတ်ဝင်စားမှုရှိနေတဲ့ ပေါ်ဦးသက်လို၊ ဝင်းဖေလို ကာတွန်းဆရာတစ်ယောက် အဲဒီခေတ်က စာနယ်ဇင်းစာမျက်နှာတိုင်းဟာ လက်ညှိုးညွှန်ရာ ကာတွန်းပုံ ဖြစ်စေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအရည်အချင်းဟာ ကာတွန်းဆရာ တစ်ယောက်ရဲ့ တကယ့်အရည်အချင်း မဟုတ်ပါဘူး။ ကာတွန်းဆရာတစ်ယောက်ရဲ့ တကယ့်သတ္တိမဟုတ်ပါဘူး။ ယုံကြည်ချက်ကို ဆင်ခြေနဲ့လဲခဲ့တာ ကာတွန်းဆရာမှ မဟုတ်ဘဲ။ ထရံခတ်၊ သံကြိုးချိတ်၊ အုပ်စုစိတ်နဲ့နေတာ ကာတွန်းဆရာမှမဟုတ်ဘဲ။ လူတွင်ကျယ်လုပ်၊ နေရာယူ၊ စာဖတ်သူဝေဒနာကို ဥပေက္ခာပြုနိုင်သူဟာ ကာတွန်းဆရာမှ မဟုတ်ဘဲ ..။

 

တကယ့်ကာတွန်းဆရာ

ပေါ်ဦးသက်နဲ့ ဝင်းဖေကို “တကယ့်ကာတွန်းဆရာ" လို့ ရဲရဲပြောနိုင်တာ ဟောဒီအချက်ကြောင့် ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် မြန်နိုင်ငံရေးအပြောင်းအလဲ ကသောင်းကနင်းဖြစ်ချိန်၁၉၆၁ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် လူထုသတင်းစာဟာ ဆရာပေါ်ဦးသက်နဲ့  ဝင်းဖေကို ဒါမှကာတွန်းဆရာလို့ ရဲရဲဝံ့ဝံ့ ကြေညာပေးလိုက်တာ ဖြစ်တယ်။

သတင်းစာရဲ့ ပထမစာမျက်နှာမှာပဲ ပေါ်ဦးသက်ဟာ သူ့လက်မှတ်ထိုးပြီး "သတင်းစာ လွတ်လပ်ခွင့် မရှိပါ၍ ယနေ့ ကာတွန်းမရေးတော့ပါ။" ဆိုတဲ့ ကြေညာချက်ကို ရိုက်နှိပ်ထားတယ်။ အလားတူ လူထုရဲ့ ပင်တိုင်ကာတွန်းဆရာ ဝင်းဖေကလည်း "သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ။ ထို့ကြောင့် ယနေ့ကာတွန်း မရေးဆွဲပါ။ ဝင်းဖေ"လို့ ကြေညာတယ်။ ။

ဟုတ်ကဲ့ ... သတင်းစာ ပင်တိုင်ကာတွန်းဆရာ တစ်ယောက်ရဲ့ ကြေညာချက်ကိုပဲ လူထုသတင်းစာဟာ သတင်းစာ ခေါင်းစီးကြီးရဲ့ အောက်တည့်တည့်မှာပဲ ထိုက်တန်စွာ နေရာပေးထားပါကြောင်း ......။

ဆူးငှက်