မိမိုးအေး(ဘားအံတက္ကသိုလ်)

 

ကျွန်မတို့လူသားတွေဟာ လူ့အဖွဲ့အစည်းကြီးထဲမှာ တစ်ဦးချင်းစီ နေထိုင်ကြတာမဟုတ်ဘဲ စုပေါင်းနေထိုင်ကြရတာ ဖြစ်ပါတယ်။ ဒီလိုနေထိုင်ကြရာမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးသားသားနဲ့ ပေါင်းသင်းဆက်ဆံ ကြတာရှိသလို ဟန်ဆောင်လိမ်လည်ပြီး ပေါင်းသင်းဆက်ဆံကြတာ ရှိပါတယ်။

ကျွန်မတို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ လူမိုက်တွေဟာ လူကောင်းဟန်ဆောင်ပြီး နေရာတကာမှာ ကျင်လည် နေကြတာတွေ အများကြီးရှိနေပါတယ်။ အများအားဖြင့် လူတွေကလည်း အပေါ်ယံကိုပဲကြည့်ပြီးတော့ အကဲဖြတ်ကြတာ ကြောင့်လည်း လောကကြီးထဲမှာ လိမ်လည်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ လှည့်စားခံရမှုတွေ ဖြစ်လာကြရတာပါ။

တကယ်တော့လည်း လူတစ်ယောက်ရဲ့အကြောင်းကို ကျွန်မတို့ အလွယ်တကူ သိနိုင်ဖို့ကလည်း ခဲယဉ်းတဲ့ကိစ္စ တစ်ခုပါပဲ။ ဗုဒ္ဓကတော့ လူတွေရဲ့အကြောင်း သိနိုင်တဲ့အချက်တွေကို လမ်းညွှန်ထားတာရှိပါတယ်။ သံယုတ္တနိကာယ်ထဲက ‘သတ္တဇဋိလသုတ်’ မှာ လူတွေရဲ့အကြောင်းကို ဘယ်လိုနည်းနဲ့ သိနိုင်မလဲဆိုတာကို ဗုဒ္ဓက အပြည့်အစုံ ပြောကြားထားခဲ့ ပါတယ်။ အပြင်ပန်းကိုကြည့်ပြီး လွယ်လွယ်နဲ့ အကဲဖြတ်တတ်တဲ့ ကောသလမင်းကြီးကို အကြောင်းပြုပြီး ဗုဒ္ဓက ဒီသတ္တဇဋိလသုတ်ကို ဟောကြားထားတာ ဖြစ်ပါတယ်။

ဒီသုတ်လေးရဲ့ အကျဉ်းချုပ်ကတော့ ဝိသာခါကျောင်းအမကြီး ဆောက်လုပ်လှူဒါန်းထားတဲ့ ပုဗ္ဗာရုံကျောင်းမှာ ဗုဒ္ဓ သီတင်းသုံးနေတုန်းမှာပဲ ကောသလမင်းကြီး ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓကို အရိုအသေပေး ရှိခိုးပြီးတဲ့နောက် သင့်လျော်တဲ့ နေရာမှာ ထိုင်ပါတယ်။ အဲဒီအချိန်မှာပဲ ဆံကျစ်ထုံးရသေ့ ခုနစ်ပါး၊ နိဂဏ္ဌတက္ကဒွန်း ခုနစ်ယောက်၊ အစေလကတက္ကဒွန်း ခုနစ်ယောက်၊ တိတ္ထိ ခုနစ်ယောက်၊ ပရိဗိုဇ် ခုနစ်ယောက်တို့ဟာ ဘုရားရှင်နဲ့ ကောသလမင်းရဲ့ အနားကနေဖြတ်ပြီး သွားကြတယ်။ အဲဒီအခါ ကောသလမင်းက ရသေ့တွေဆီသွားပြီး နှုတ်ဆက်စကား ပြောပါတယ်။ ရသေ့တွေ လွန်သွားပြီးတဲ့ အခါမှာ ဗုဒ္ဓဆီပြန်လာပြီး ဒီရသေ့၊ တက္ကဒွန်း၊ ပရိဗိုဇ် ၃၅ ဦးဟာ ရဟန္တာတွေဖြစ်တယ်လို့ လျှောက်ထားပါတယ်။

ဒီအခါမှာ ဗုဒ္ဓက လူ့စည်းစိမ်ခံစားနေတဲ့ မင်းကြီးအနေနဲ့ ဘယ်သူက ရဟန္တာဖြစ်တယ်ဆိုတာ ခွဲခြားပြီး သိနိုင်ဖို့ရာ ခဲယဉ်းပါတယ်လို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ ဗုဒ္ဓက လူတွေရဲ့-
- ကိုယ်ကျင့်တရားကို အတူနေထိုင်ကြည့်မှ သိနိုင်မယ်။
- ရိုးသားစင်ကြယ်မှုကို အတူစကားပြောတဲ့အခါမှာ သိနိုင်မယ်။
- ဉာဏ်စွမ်းအားကိုတော့ ဘေးအန္တရာယ် ကျရောက်တဲ့အခါမှာ သိနိုင်မယ်။
- ပညာကိုတော့ အတူတကွ ဆွေးနွေးတိုင်ပင် နှီးနှောတဲ့အခါမှာ သိနိုင်မယ်လို့ ရှင်းပြတယ်။

အဲဒီလို သိနိုင်ဖို့ရာလည်း အချိန်ကြာမှသိနိုင်မယ်။ သတိထားပြီးကြည့်မှသာ သိနိုင်မယ်။ ပညာရှိတဲ့သူသာ သိနိုင်မယ်လို့ ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီနည်းလမ်းတွေကိုအသုံးပြုပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ တစ်ဦးအကြောင်းတစ်ဦး အပြန်အလှန် သိရှိနိုင်ပါမယ်။ မိတ်ဆွေကောင်းဖြစ်မဖြစ် လေ့လာနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပြန်အလှန်အနေနဲ့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကျင့်ကြံကြရပါမယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့ရဲ့ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဆိုတာ အထူးဆိုစရာ မလိုပါဘူး။ ပညာတတ်တိုင်း လည်း ကိုယ်ကျင့်တရား ကောင်းတယ်လို့ယူဆလို့ မရပါဘူး။ လူတစ်ယောက်နဲ့ ကျွန်မတို့ အချိန်အတော်ကြာ နေထိုင်လိုက်ရင်ပဲ သူ့ကိုယ်ကျင့်တရားကို ခန့်မှန်းနိုင်ပြီဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ရိုးသားမှုကို ကျွန်မတို့ စကားပြောကြည့်ရင် သိနိုင်ပါတယ်။ မရိုးသားတဲ့သူတွေနဲ့ ပတ်သက်ပြီး အဋ္ဌကထာတွေမှာ ‘အရှေ့မှာ ပြောဆိုတဲ့စကားနဲ့ နောက်ကွယ်မှာ ပြောဆိုတဲ့စကား မတူဘူး။ နောက်ကွယ်မှာ ပြောဆိုတဲ့စကားနဲ့ ရှေ့မှာပြောဆိုတဲ့စကားလည်း မတူညီဘူးဆိုရင် သူဟာ စကားမမှန်သူ မရိုးသားတဲ့သူဖြစ်တယ်’ လို့ ဆိုထားပါတယ်။

ဘေးအန္တရာယ် ကျရောက်တဲ့အချိန်မှာ လူတစ်ယောက်ရဲ့ ဉာဏ်စွမ်းဟာ အရေးကြီးပါတယ်။ ဉာဏ်စွမ်းဆိုတာ တစ်နည်း အားဖြင့်တော့ အားထုတ်တာ၊ လုံ့လပြုတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ဉာဏ်စွမ်းနဲ့ သူ့အပေါ် ကျရောက်တဲ့ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။ နောက်တစ်ခုက ပညာပါ။ ပညာဆိုတာ အပြစ်၊ အကျိုး၊ အကောင်း၊ အဆိုးတို့ကို ခွဲခြားနိုင်တဲ့ ဉာဏ်ပဲဖြစ်ပါတယ်။ အတူတကွ ဆွေးနွေးတိုင်ပင် ပြောဆိုကြည့်ရင် လူတစ်ယောက်ရဲ့ပညာကို ကျွန်မတို့ အကဲခတ်နိုင်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေကတော့ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ ရိုးသားခြင်း၊ ဉာဏ်စွမ်းအား၊ ပညာတို့ကို သိနိုင်မယ့် နည်းလမ်းတွေပါပဲ။ ကျွန်မတို့ လူတစ်ယောက်ရဲ့အကြောင်းကို အပေါ်ယံကြည့်ရုံနဲ့ သိနိုင်ဖို့ မလွယ်လှပါဘူး။ ဒါကြောင့် လူတစ်ယောက်ရဲ အကြောင်းကို ဂဃနဏမသိဘဲ အယုံမလွယ်မိဖို့ အရေးကြီးပါတယ်။

ကျွန်မတို့တစ်တွေရဲ့ အသက်ရှင်နေထိုင်မှုမှာ ကလျာဏ မိတ္တလို့ခေါ်တဲ့ မိတ်ဆွေကောင်းရှိဖို့လည်း လိုအပ်ပါတယ်။ မိတ်ဆွေ ကောင်းရှိသူဟာ မိမိရဲ့ အကျိုးစီးပွားတစ်ခုလုံးကို ပြီးမြောက်စေတယ်လို့ ဗုဒ္ဓက ရှင်အာနန္ဒာကို ကလျာဏ မိတ္တသုတ်မှာ မိန့်ခဲ့ပါတယ်။ ဒါကြောင့် ဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ မိတ်ဆွေကောင်းကို ရှာဖွေပေါင်းသင်းဖို့ လိုအပ်ပါတယ်။ ကျွန်မတို့က ကိုယ်ယုံကြည်ရမယ့်သူကို ရွေးချယ်တတ်ရပါမယ်။ ဒီလိုပဲ ကျွန်မတို့ကိုယ်တိုင်ကလည်း တခြားတစ်ယောက်ရဲ့ ယုံကြည်မှုကို ခံထိုက်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပြင်ပအဆင်းသဏ္ဌာန်ကို ကြည့်ပြီး လူတစ်ယောက်ရဲ အကြောင်းကို သိနိုင်ဖို့မလွယ်လှပါဘူး။ ဒါကြောင့် ခဏတစ်ဖြုတ် တွေ့မြင်ရုံနဲ့ အကျွမ်းတဝင်မလုပ်ဖို့ သတိပြုရမှာပါ။ အထူးသဖြင့် ဒီနေ့ အိုင်တီခေတ်ကြီးထဲမှာ လူမှုကွန်ရက်လို့ခေါ်တဲ့ ဖေ့စ်ဘွတ် သုံးနေကြတဲ့လူငယ်တွေ ပိုပြီးသတိထားကြဖို့ လိုပါတယ်။ အွန်လိုင်းပေါ်မှာ ခဏတစ်ဖြုတ် တွေ့မြင်ရုံနဲ့တော့ ဘယ်သူ့ကိုမျှ မယုံကြည်လိုက်ပါနဲ့။ ကာယကံ၊ ဝစီကံ၊ မနောကံလို့ခေါ်တဲ့ ကံသုံးပါးကို မစောင့်စည်းတဲ့သူတွေဟာ လူကောင်းပုံစံနဲ့ ဟန်ဆောင်ပြီး နေထိုင်ပြောဆိုနေကြတာ အများအပြား ရှိနေတတ်ပါတယ်။

ဟန်ဆောင်ပြီး နေတတ်တဲ့သူတွေဟာ အလွှာအသီးသီး၊ နေရာအသီးသီးမှာ ရှိနေတတ်ပါတယ်။ ကိုယ်အောင်မြင်ဖို့၊ ကိုယ်နေရာရဖို့၊ ကိုယ်အကျိုးရှိဖို့ ဟန်ဆောင်လေ့ရှိကြတာကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြရမှာပါ။ ဒီလို ဟန်ဆောင်တတ်တဲ့ သူတွေကို ဗုဒ္ဓရဲ့ ဥပမာနဲ့ ပြောရမယ်ဆိုရင် အပြင်ပန်းမှာတော့ တင့်တယ်လှပနေပြီး အတွင်းမှာတော့ တန်ဖိုးမရှိတဲ့ မြေကြီးနဲ့လုပ်ထားတဲ့ နားတောင်း(နားကပ်)၊ ရွှေရည်စိမ် ကြေးနားတောင်းတွေနဲ့ တူကြပါတယ်။ ဟန်ဆောင်ပြီး နေကြတယ်။ ဟန်ဆောင်ပြီး ပြောဆိုကြတယ်။

ဒီလို ရွှေရည်စိမ်နားတောင်းဟာ ခဏတစ်ဖြုတ်တောက်ပပေမယ့် အချိန်ကြာလာရင်တော့ မူလ မြေနားတောင်းလိုပဲ ပြန်ပြီးပြောင်းသွားမှာပဲ ဖြစ်ပါတယ်။ ဟန်ဆောင်နေကြသူတွေလည်း အချိန်တိုအတွင်းမှာတော့ မူလအတွင်းစိတ်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ထားပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ မူရင်းအခြေအနေအတိုင်း ပြန်ပြောင်းလဲ သွားတတ်ကြပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊ ရိုးသားမှု၊ ဉာဏ်စွမ်းနှင့် ပညာတို့ကို သိရှိနိုင်ဖို့ ဘယ်လိုတိုင်းတာ ဆန်းစစ်ရမယ်ဆိုတာ ဗုဒ္ဓက အသေအချာပဲ လမ်းညွှန်ပေးခဲ့ပါပြီ။ ညွှန်ပြခဲ့တဲ့အချက်တွေနဲ့ ဆန်းစစ်ပြီး မိတ်ဆွေကောင်းကို ရရှိနိုင်ပါတယ်။ ဒီလိုပဲကျွန်မတို့လည်း တခြားတစ်ယောက်အတွက် ကိုယ်ကျင့်တရားကောင်းတဲ့၊ ရိုးသားတဲ့၊ စွမ်းအားရှိတဲ့၊ ပညာရှိတဲ့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားကျင့်ကြံရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဆန်းစစ်တဲ့ နည်းလမ်းတွေဟာ လူတွေရဲ့ အကြောင်းကို တစေ့တစောင်း သိရှိနိုင်ပြီး မိတ်ဆွေကောင်းကို ရှာဖွေရာမှာ အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင်။     ။