မေယု-မျိုးအောင် (MANA)
မြန်မာမှုနယ်ပယ်တွင် အမြင်အာရုံကွယ်ပျောက်ကာ မျက်စိမမြင်နိုင်တော့ခြင်းသည် ဘဝတစ်ခုလုံး ဆုံးရှုံးသွားရသကဲ့သို့ဖြစ်စေပြီး အကြားအာရုံကင်းမဲ့ကာ နားမကြားတော့ခြင်းသည် လူဖြစ်ရှုံးရသော အခြေအနေနှင့်တူကြောင်းကို မျက်စိအဆုံး၊ နားအရှုံးဟူသည့် ဆိုရိုးစကားဖြင့် ပမာပြုကြသည်။ လူတိုင်းအနေဖြင့် မိမိတို့၏ အမြင်အာရုံကောင်းမွန်နေရန်မှာ မျက်စိရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ လျော့နည်း ပပျောက်ရေးမှာ အများပြည်သူတို့အနေဖြင့် မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ်စစ်ဆေးကာ ကုသမှုခံယူရုံမှတစ်ပါး အခြားမရှိပေ။
မျက်မှောက်ကာလတွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် လူအများသည် ဖုန်းနှင့် ကွန်ပျူတာကဲ့သို့သော ပစ္စည်းများ အသုံးပြုမှု များပြားလာသဖြင့် အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှု များ ပိုမိုဖြစ်ပွားလာသည်။ ယင်းကိစ္စသည် မိမိတစ်ဦးတည်းသာမက မိမိ၏ပတ်ဝန်းကျင်ရှိ လူအများနှင့်လည်း သက်ဆိုင်သည့်အတွက် မျက်စိ စမ်းသပ်စစ်ဆေးခြင်းမှာ လူတိုင်းအတွက် အရေးပါ သည့်ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။
အဓိကမျက်စိကွယ်စေသော အတွင်းတိမ်ရောဂါ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်း ၂၄၆ သန်းနှင့် မျက်စိကွယ်သူပေါင်း ၃၉ သန်းရှိသည်။ အမြင်အာရုံချို့တဲ့သူများ၏ ရာခိုင်နှုန်း ၉၀ သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်။ ယင်းတို့အနက် ၈ဝ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ ရနိုင်သော်လည်း မျက်စိနှင့်စပ်လျဉ်းသည့် ကျန်းမာရေးအသိ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အမြင်အာရုံ ချို့တဲ့သူ ၁၂၄၉၇၃၇ ဦးအထိ ရှိသည်ဖြစ်ရာ နိုင်ငံ၏ လူဦးရေနှင့် နှိုင်းယှဉ်ပါက များပြားသည့်ပမာဏ ဟုဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ် ဝန်းကျင်က ပြည်သူအချို့ကို မျက်စိကွယ်စေသော ရောဂါတစ်ခုမှာ မျက်ခမ်းစပ်ရောဂါဖြစ်သည်။ ၁၉၆၄ ခုနှစ်မှစ၍ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက် ရေးကို ဆောင်ရွက်ခဲ့ရာ ကူးစက်မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားနှုန်းမှာ ပျမ်းမျှအားဖြင့် ၄၃ ရာခိုင်နှုန်းမှ ၂ဝဝဝ ပြည့်နှစ်တွင် တစ်ရာခိုင်နှုန်းအောက်အထိ ကျဆင်းလာခဲ့သည်။ ကူးစက်မျက်ခမ်းစပ်ဖြစ်ပွားမှု ကျဆင်းလာသည်နှင့်အမျှ မျက်ခမ်းစပ်ကြောင့် မျက်စိကွယ်မှု ကျဆင်းလာသော်လည်း ယနေ့ ကာလတွင် အဓိကမျက်စိကွယ်စေသောရောဂါမှာ အတွင်းတိမ်ရောဂါဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်တွင် ကောက်ယူခဲ့သော အမျိုးသား အဆင့် မျက်မမြင်ဖြစ်ပွားမှုနှုန်း စစ်တမ်းအရ မြန်မာ နိုင်ငံတွင် အသက်(၅၀)နှင့်အထက် အရွယ်များတွင် မျက်မမြင်ဖြစ်ပွားမှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အတွင်းတိမ်ရောဂါသည် မျက်စိကွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ မျက်စိ ရောဂါအနက် မျက်စိကွယ်မှုကိုဖြစ်စေနိုင်သည့် အခြေအနေများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန် လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဆီးချို ရောဂါ၊ သွေးတိုးရောဂါတို့ကြောင့်ဖြစ်သည်။ ယင်း တို့အနက် အတွင်းတိမ်ရောဂါသည် ဖြစ်ပွားမှု များပြားသော်လည်း ထိရောက်စွာ ကာကွယ်ကုသ နိုင်ပါက မျက်မမြင်ဖြစ်မှုကို လျော့နည်းစေနိုင် ကြောင်း ကျန်းမာရေးဌာနက အသိပညာပေးထားပြီး ဖြစ်သည်။ အမြင်အာရုံ ချို့ယွင်းခြင်းနှင့်မျက်စိကွယ် ခြင်းသည် ဘဝ၏ နေ့စဉ်လှုပ်ရှားမှုများ၊ လူမှု အသိုင်းအဝိုင်းအတွင်း အပြန်အလှန်ဆက်ဆံမှုများ၊ ကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် မျက်စိကွယ်သူတို့သည် ၎င်း၏ဘဝ တစ်သက်တာတွင် သူတစ်ပါး၏ ဝန်ဆောင်မှုကိုသာ ရယူသုံးစွဲကြရတော့သည်။
လူဦးရေ ၂ ဒသမ ၂ ဘီလီယံသည် အနီးအဝေး အမြင်အာရုံချို့ယွင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းတွင် အနည်းဆုံး လူဦးရေ ၂ ဒသမ၂ ဘီလီယံသည် အနီးအဝေး အမြင်အာရုံချို့ယွင်းမှုများရှိနေသည်။ ထိုသူများအနက် အနည်းဆုံး တစ်ဘီလီယံ သို့မဟုတ် ထက်ဝက်နီးပါးသည် ၎င်းတို့၏ အမြင်အာရုံချို့ယွင်းမှုကို မဖြေရှင်းနိုင်၊ အမြင်အာရုံချို့ယွင်းပြီး မျက်စိကွယ်သူအများစုသည် အသက်(၅၀)နှင့်အထက် ဖြစ်သော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။
အမြင်အာရုံဆုံးရှုံး၍ မျက်စိကွယ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိသည့် အနက် အတွင်းတိမ်ကြောင့် မျက်စိကွယ်ရခြင်းမှာ ၅၁ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ လူတို့၏မျက်လုံးတွင် သဘာဝမှန်ဘီလူးရှိ၍ အလင်းတန်းများကို စုစည်းကာ ဦးနှောက်မှနေပြီး လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုများကို သိရှိစေရန် ဘာသာပြန်ပေးသည်။ ထိုသို့ အလင်း တန်းများ စုစည်းနိုင်သည့် မျက်လုံး၏မှန်ဘီလူး သည် ကြည်လင်ပြတ်သားနေသည်။ ထိုကြည်လင် ပြတ်သားမှုရှိနေသောမှန်ဘီလူးမှာ အကြောင်း တစ်စုံတစ်ရာကြောင့် နောက်ကျိသွားပါက အတွင်း တိမ်ကို ဖြစ်ပေါ်စေသည်။ လူသည် အသက်အရွယ် ကြီးလာလျှင် မျက်စိသဘာဝမှန်ဘီလူး၏ ကြည်လင်မှုမှာ တဖြည်းဖြည်းလျော့ကျလာပြီး မှုန်မှိုင်းလာတတ်သည်။ ယင်းသို့ဖြစ်လာခြင်းကို အတွင်းတိမ်စွဲခြင်းဟုခေါ်သည်။ အခြားမျက်စိမှုန် ခြင်းများနှင့် မတူသောအချက်မှာ မျက်စိသဘာဝ မှန်ဘီလူးတွင် တိမ်အရောင်ကဲ့သို့ အဖြူရောင် အဖတ်များ စွဲငြိကပ်တွယ်နေသည်ကို အလွယ်တကူ တွေ့ရှိရမည်ဖြစ်သည်။ တိမ်ကဲ့သို့ အဖြူရောင်အရာ များကို ဖြတ်ကျော်၍ ကြည့်ရသောမြင်ကွင်းသည် ဝေဝါးနေလေ့ရှိသည်။ အတွင်းတိမ်ရောဂါသည် ရုတ်တရက် အမြင်အာရုံကို မကွယ်စေသော်လည်း မကုသဘဲ အချိန်ကြာလာသည်နှင့်အမျှ တဖြည်း ဖြည်းချင်းမှုန်လာ၍ မျက်စိကွယ်သည်အထိ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
နှစ်ဖက်စလုံး ပြိုင်တူဖြစ်လေ့ရှိ
အတွင်းတိမ်၏ သဘောသဘာဝမှာ ဖြစ်ပွားပါက နှစ်ဖက်စလုံး ပြိုင်တူဖြစ်လေ့ရှိပြီး တစ်ဖက်က အတွင်းတိမ်ရောဂါနုကာ တစ်ဖက်ကရင့်သည်။ အတွင်းတိမ်ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် မည်သူမျှ ရှာဖွေနိုင်ခြင်းမရှိသေးပေ။ အားလုံးထင်မြင်ယူဆသည်မှာ အသက်အရွယ်ကြီးမြင့်လာမှုနှင့် နေရောင် ဒဏ် (UV Light) ဟူ၍ပင်ဖြစ်သည်။
အတွင်းတိမ်သည် သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိပြီး အချို့မှာ မွေးဖွားလာစဉ်ကတည်းက မွေးရာပါအဖြစ် ပါလာလေ့ရှိကာ အချို့မှာ အသက်အရွယ်ကြီးရင့်လာသည့်အခါ မှန်ဘီလူးမှာ ကြည်လင်ပြတ်သားမှုအားနည်း၍ နောက်လာပြီး အတွင်းတိမ်ဖြစ်ပေါ်လာလေ့ရှိသည်။ အသက် အရွယ်ကြီးမြင့်လာမှုကြောင့် အတွင်းတိမ်ဖြစ်ပေါ် ခြင်းအပြင် အကြောင်းတစ်စုံတစ်ရာကြောင့် မျက်လုံးဒဏ်ရာရရှိခြင်း၊ ဆီးချိုရောဂါအခံရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်း၊ ပန်းနာရင်ကျပ်၊ လေးဖက်နာရောဂါအား (ပယ်ရီစတုန်း) စွဲမြဲစွာ သောက်သုံးခြင်း၊ ကလိုရိုကွီး ငှက်ဖျားဆေး သောက်သုံးခြင်း၊ စိတ်ရောဂါဆေး သောက်သုံးခြင်း နှင့် အရေပြားရောဂါ၊ နှင်းခူရောဂါဖြစ်ပွားသူများ စသဖြင့် အကြောင်းရင်းများကြောင့်လည်း အတွင်း တိမ်ရောဂါဖြစ်ပွားနိုင်သည်။
အတွင်းတိမ်မှတစ်ဆင့် ရေတိမ်ရောဂါအဖြစ်သို့ ရောက်ရှိသွားနိုင်
၁၉၉၅ ခုနှစ်က အတွင်းတိမ်ရောဂါသည် အသက် (၇၀) အရွယ်များ၌သာ တွေ့ရတတ်သော်လည်း ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှစတင်ကာ အသက် (၄၀) အရွယ်များ၌ တွေ့ရှိလာရကြောင်း မျက်စိရောဂါကု ဆရာဝန်ကြီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် အတွင်းတိမ်ရောဂါဖြစ်ပွားမှု များမှာ ပိုမိုများပြားလာသည်ကို တွေ့ရှိရပြီး ကျန်းမာရေးစစ်တမ်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ လျှင် ၃ ဒသမ ၆ ဦးနှုန်းမှာ အတွင်းတိမ်ရောဂါ ဖြစ်ပွားမှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မျက်စိ ကွယ်ခြင်းဝေဒနာကို ခံစားနေရသည်။ အတွင်းတိမ်ရောဂါသည် ခွဲစိတ်ကုသလိုက်ပါက လူကောင်း ပကတိအမြင်အာရုံ ပြန်လည်ရရှိနိုင်သည်။ အတွင်းတိမ်ရောဂါအများစုသည် အခြားနောက်ဆက်တွဲ ရောဂါများ ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ကံမကောင်းသူအချို့မှာ အတွင်းတိမ်မှတစ်ဆင့် ရေတိမ်ရောဂါအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ ရေတိမ်ရောဂါဖြစ်ပွားပြီဆိုပါက မျက်စိနီခြင်း၊ ကိုက် ခြင်း၊ ချက်ချင်းမှုန်ဝါးလာခြင်း စသည့်လက္ခဏာ များဖြစ်ပေါ်လာကာ ယင်းအခြေအနေတွင် ချက်ချင်း ခွဲစိတ်ကုသရန် လိုအပ်သည်။ အတွင်းတိမ်ရောဂါ လက္ခဏာများမှာ အမြင်အာရုံမှုန်ဝါးခြင်း၊ သူငယ် အိမ်နေရာတွင် ဖြူနေခြင်း၊ ညဘက်တွင် အမြင်အာရုံ ပိုမိုဆိုးရွားခြင်း၊ စူးသောအလင်းဒဏ်ကို မခံနိုင်ခြင်း စသည်တို့ဖြစ်သည်။
အထိုက်အလျောက်ကာကွယ်နိုင်
မြန်မာနိုင်ငံတွင် မျက်စိဝေဒနာဖြစ်ပွားမှုကို ကြည့်လျှင် အသက်အရွယ်ကြီးမြင့်သူများ၌ အတွင်း တိမ်ရောဂါ၊ ကလေးသူငယ်များတွင် မျက်လုံးစွေစောင်းနှင့် မျက်လုံးကင်ဆာများ အဖြစ်များကာ အသက် (၂၀)မှ (၄၀) အရွယ် အလုပ်လုပ်ကိုင်နိုင်သူများတွင် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက် မှုများကြောင့် မျက်လုံးပေါက်ခြင်း သို့မဟုတ်မျက်ကြည်လွှာပေါက်ခြင်း စသည့်ရောဂါဖြစ်ပွားမှုများ များပြားသည်။ မြန်မာနိုင်ငံတွင် အဖြစ်များသည့် အတွင်းတိမ်ရောဂါနှင့်ပတ်သက်ပြီးဖြစ်ပွား နိုင်ခြေရှိသော အကြောင်းရင်းများကို တတ်နိုင်သမျှ သတိပြုနေထိုင်ရမည်ဖြစ်သည်။ အသက်အရွယ် ကြီးမြင့်မှုကို မကာကွယ်နိုင်သော်လည်း မျှတသောအစာအာဟာရစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာ ရေး ကောင်းမွန်ကာအတွင်းတိမ်ရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်ကြောင်း၊ UV (နေရောင်ဒဏ်)ကို ကာကွယ်ရန် နေရောင်ထဲသို့သွားလျှင် နေကာ မျက်မှန်တပ်ဆင်ခြင်း၊ ဦးထုပ်၊ ထီးဆောင်းခြင်း စသည့်နေထိုင်မှုပုံစံ ပြောင်းလဲနေထိုင်ခြင်းဖြင့်လည်း အထိုက်အလျောက် ကာကွယ်နိုင်ကြောင်း ဆရာဝန်ကြီးများက တိုက်တွန်းထားသည်။
ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ လျော့နည်းပပျောက်စေရန်မှာ မျက်စိကျန်းမာရေး ကို စစ်ဆေး၍ ကုသမှုခံယူရုံမှတစ်ပါး အခြားမရှိပေ။ သို့ရာတွင် ပြည်သူအချို့မှာ မျက်စိနှင့်ပတ်သက်သည့် ကျန်းမာရေးအသိအပေါ် အလေးမထားခြင်း၊ မျက်စိ ရောဂါနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်များ မတတ် နိုင်ခြင်းတို့ကြောင့် အခက်အခဲများ ဖြစ်ပေါ်လေ့ရှိ သည်။ မျက်စိရောဂါဆိုင်ရာ အသိပညာပေးမှုများ ကို ထိရောက်စွာ လုပ်ဆောင်သင့်သည်။ မျက်စိကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံးရှိ ပြည်သူများရရှိစေပြီး ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်မှုရှိမှသာ ကာကွယ်ကုသ၍ရသော မျက်စိကွယ်နှုန်းကို လျှော့ချနိုင်မည်ဖြစ်သည်။ မျက်စိရောဂါကုသမှုဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်များကို ဖွံ့ဖြိုးစေပြီး မျက်စိရောဂါ အသိပညာ ပေးသတင်းအချက်အလက်များကို ပြည်သူလူထု အတွင်း ထိရောက်စွာဖြန့်ဖြူးခြင်း၊ ကျေးလက်ဒေသရှိ ပြည်သူများပါမကျန် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေခြင်းတို့ကို အကောင်အထည် ဖော်နိုင်မှသာ မျက်စိကွယ်နှုန်းကို ကျဆင်းစေမည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။