ခင်နှင်းရည် (ရန်ကုန်တက္ကသိုလ်)
နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လူတိုင်းဘဝ သာယာရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင် နေပါသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် အတိုင်း လူငယ်များ၏အနာဂတ် သာယာလှပရေးသည် ပညာရေးကဏ္ဍအပေါ်တွင် မူတည်နေပါသည်။ ထို့ကြောင့် ပညာရယူဖို့အတွက် အခြေခံပညာဖြစ်သည့် အရေး၊ အဖတ်အတွက် တတ်မြောက်ခြင်းသည် လူတိုင်းတတ် မြောက်ရန် လိုအပ်လာသဖြင့် အခြေခံလိုအပ်ချက် ဖြစ် သည့် စာတတ်မြောက်ရေးကို နိုင်ငံတော်က ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အရည် အသွေးမြင့်မားသည့် ကျောင်းတွင်းပညာရေးစနစ်ကို ဆောင်ရွက်ပေးနေသကဲ့သို့ အသက်အရွယ်၊ အဆင့် အတန်းခွဲခြားမှုမရှိ ဆင်းရဲ၊ ချမ်းသာမရွေး နိုင်ငံသူ နိုင်ငံ သားတိုင်း အခြေခံစာတတ်မြောက်စေရန်နှင့် စာတတ် မြောက်ပြီးသူတိုင်း အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်း ဖြစ်ထွန်းစေရန်လိုအပ်သဖြင့် ဘဝတစ်သက်တာ ဆက်လက်လေ့လာဆည်းပူးနိုင်မည့် စဉ်ဆက်ပညာရေး (Continuing Education )ကို ဟန်ချက်ညီညီ လက်တွေ့ ကျကျ လုပ်ဆောင်ပေးလျက်ရှိပါသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်ပေး
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးဟူသော လူမှုရေးဦးတည်ချက်နှင့်အညီ ကျန်းမာသန်စွမ်းပြီး ပညာရည်မြင့်မားသည့် နိုင်ငံသူ နိုင်ငံသားများ ဖြစ်လာစေရေးအတွက် အခြေခံပညာ အဆင့် သင်ယူပြီးမြောက်စေရေးကို အခြေခံပညာကဏ္ဍ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက် ရှိသည်။ မူလတန်းပညာ ပြီးမြောက်အောင်မြင်သည်အထိ သင်ယူနိုင်ရန်အတွက် အခမဲ့မသင်မနေရ မူလတန်း ပညာရေးအစီအစဉ် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းနေမြဲရေးကို အမျိုးသားရေး လူထုလှုပ်ရှားမှုအသွင် ဖြင့် စည်းရုံးဆောင်ရွက်ရာတွင် မိဘ၊ ဆရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေပါသည်။
ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နိုင်ငံ၏ စာတတ်မြောက်မှုနှုန်း မြင့်မားလာပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်သည့်အပြင် စက်မှုနိုင်ငံသို့ ကူးပြောင်းရာတွင်လည်း လုပ်ငန်းပြောင်းရွှေ့ လုပ်ကိုင်နေသည့် မိသားစုများ၏ သားသမီးများအတွက် ရွေ့လျားကျောင်း (Mobile School)များ ဖွင့်လှစ်ပေးခြင်း၊ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့ကြသူများအတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education) အစီအစဉ်များ ဖွင့်လှစ်ပေးခြင်းအပြင် မသန်စွမ်းကလေးများအတွက်လည်း ပုံမှန်ကလေးများ ကဲ့သို့ပင် ပညာသင်ယူတတ်မြောက်စေရန်အတွက် လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) စသည့်အစီအစဉ်များ ဆောင်ရွက်ပေးပြီး အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝိုင်းဝန်းလုပ်ဆောင်ပေး
မြန်မာနိုင်ငံသည် စာတတ်မြောက်ရေးလုပ်ငန်းများကို မျက်ခြည်ပြတ်မခံဘဲ အစဉ်တစိုက်တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိသည်။ အခြေခံစာတတ်မြောက်မှုနှုန်း မြင့်မားလာသည်နှင့်အမျှ စာတတ်မြောက်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် စဉ်ဆက် ပညာရေးအစီအစဉ်များဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေးနှင့် ဘဝသာယာရေး အစီအစဉ်များပါဝင်သည့် စဉ်ဆက်ပညာရေးဆီသို့ ဦးတည်သည့် ရပ်ရွာပညာပဒေသာဌာနများစွာကို တည် ထောင်ဖွင့်လှစ်ပေးခဲ့ကာ စာတတ်မြောက်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးလျက် ရှိပါသည်။
၂၁ ရာစု ပညာခေတ်တွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ဖွံ့ဖြိုးတိုးတက်မှုကို အသိပညာနှင့် အတတ်ပညာ ကြွယ်၀သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု များဖြင့် တိုင်းတာလာကြသည်ဖြစ်ရာ နိုင်ငံတော်အစိုးရ သည် အမျိုးသားပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ်ပြုစုပျိုးထောင်ရန် ရည်ရွယ်လျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါ သည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် နှစ် ၃၀ နှစ်ရှည်စီမံကိန်း ပညာရေးကဏ္ဍ မျှော်မှန်းချက်များချမှတ်ကာ ပညာရေး ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ''နိုင်ငံတော်ကြီး တည်ဆောက်အံ့'' ဟူသောဆောင်ပုဒ်ဖြင့် နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရည် မြင့်မားရေးနှင့် ပညာရေးမြှင့်တင်မှုအစီအစဉ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လက်တွေ့အကောင်အထည်ဖော်
လူတိုင်း စာပေသင်ယူတတ်မြောက်က လူတို့နေထိုင် သော လူ့အဖွဲ့အစည်းမှာလည်း သာယာလှပကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မည်ဖြစ်သည့်အတွက် ပညာရယူနိုင်မှု၏ အခြေခံဖြစ် သည့် စာတတ်မြောက်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ပေးရမည် ဖြစ်ပေသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ အဓိက လိုအပ်ချက်ဖြစ်သည့် ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လူတန်းစေ့နေထိုင်နိုင်မှု အဆင်ပြေစေရေး လုပ်ငန်းလေးရပ်ကို ချမှတ်ပေးပြီး လက်တွေ့အကောင်အထည်ဖော်လျက် ရှိပါသည်။
ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးလက်ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ မြင့်မားရန်နှင့် အတွေးအခေါ်မှန်ကန်ရန် အရေးကြီးပေ သည်။ လူတစ်ယောက်သည် မိမိဘဝသာယာရေးအတွက် အသိပညာဗဟုသုတလိုအပ်သလို မိသားစုတစ်စု၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ ပြည်နယ်၊ တိုင်းဒေသကြီးတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အသိ ပညာဗဟုသုတကြွယ်ဝခြင်းသည် အရေးပါသော အခြေခံ အကြောင်းတရားဖြစ်ပါသည်။ သို့မှသာ အသိပညာ ဗဟုသုတနှင့်ပြည့်စုံပြီး လူမှုစီးပွားဘဝမြင့်မားလာမှုနှင့် အတူ တိုင်းပြည်၏ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာမည် ဖြစ်ပေသည်။
အခွင့်အလမ်းများ တန်းတူညီမျှရရှိ
ပညာသည် အရာရာကိုအဆုံးအဖြတ်ပေးနိုင်မှု ရှိလာခြင်းတို့ကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ဂျွန်တီယန်မြို့၌ လူတိုင်းအတွက် ပညာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကြီး (WORLD CONFERENCE ON EDUCATION FOR ALL) တစ်ရပ်ကို ကျင်းပပြီး လူတိုင်း အတွက် ပညာရေးဆိုင်ရာ ကမ္ဘာ့ကြေညာစာတမ်းကြီး (WORLD DECLARATION ON EDUCATION FOR ALL) တစ်စောင်ကို တညီတညွတ်တည်း ပြုစုရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ လူတိုင်းအတွက် ပညာရေး ကြေညာချက်အရ လူတိုင်းအတွက် ပညာရေးဆိုင်ရာ မျှော်မှန်းချက်နှင့်အညီ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံအလိုက် လက်တွေ့အကောင်အထည်ဖော်နိုင်မှု အခြေအနေတို့ကို ပြန်လည်ညှိနှိုင်း ဆန်းစစ်သုံးသပ်မှု ပြုရန်အတွက် အာဖရိကတိုက် ဆီနီဂေါနိုင်ငံ ဒါကာမြို့ တွင် ကမ္ဘာ့ပညာရေးညီလာခံကြီး (WORLD EDUCATION FORUM) ကျင်းပကာ လူတိုင်းအတွက် အခြေခံပညာနှင့် စဉ်ဆက်မပြတ် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ တန်းတူညီမျှရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။
ဝိုင်းကူပေး
၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး (General Assembly of the United Nations)ကလည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်းကို အထူးကြိုးပမ်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာကာလကို ကုလသမဂ္ဂ စာတတ်မြောက်ရေး ဆယ်စုနှစ် (United Nations Literacy Decade) အဖြစ် သတ်မှတ်ပြီး နိုင်ငံအလိုက် လူတိုင်းအတွက် ပညာရေး (Education For All) မှ လူတိုင်းအတွက်စာတတ်မြောက် ရေး (Literacy For All) ဆိုင်ရာလုပ်ငန်းများကို ဇွဲရှိရှိဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။
တိုးတက်ပြောင်းလဲမှုနှင့်အတူ ယှဉ်ပြိုင်မှု အားကောင်းသည့် ယနေ့ခေတ်ကာလ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အနာဂတ်ကာလ၌ ထူးချွန် ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက် မပြတ် ဖြစ်ထွန်းလာမည်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေးသည် အဓိကကျသည့်ကဏ္ဍမှပါဝင်နေ၍ လူတိုင်းဘဝ အနာဂတ်သာယာလှပစေရန် စာတတ် မြောက်ရေး ဝိုင်းကူပေးရမည်မှာ အမှန်တကယ်ပင် ဖြစ်ပါတော့သည်။ ။
မြန်မာ့အလင်း