ရန်ကုန် ၆ ဒီဇင်ဘာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်၊ ပြည်ကြီးခင်၊ CPIနှင့် PSI Myanmar တို့ ပူးပေါင်းပြီး လူတိုင်းလက်လှမ်း မီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု အထိမ်းအမှတ်နေ့ (Universal Health Coverage Day - UHC Day)ကို ပထမဆုံး အကြိမ်အဖြစ် လူထုအသိပေး အထိမ်းအမှတ်ပွဲ အနေဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည့် UHC Day ကျင်းပမည့် အစီအစဉ်မိတ်ဆက်ခြင်း အခမ်းအနားမှ သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလ(၁၂)ရက်နေ့ကို UHC Day အဖြစ် သက်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်းလုံး ကျင်းပခဲ့သည်မှာ (၃)နှစ် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
UHC Day ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစိုးရများအနေဖြင့် နိုင်ငံ သားများအတွက် လုပ်ဆောင်ပေးရမည့် ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်တွေကို မမေ့မလျော့ဆောင်ရွက်နိုင်ရေး ပြည်သူလူထက တိုက်တွန်းပေးစေလိုသည့် ရည်ရွယ်ချက် ဖြစ်ကြောင်း သိရသည်။
" လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု UHC အရေးကြီးပုံကို လူမှုကွန်ရက် မီဒီယာများ အပါအဝင် မီဒီယာများမှ တစ်ဆင့် ပြည်သူများနှင့် ကဏ္ဍစုံက သိရှိလာပြီး ပိုမိုအသိအမှတ်ပြု လာစေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
UHC Day အခမ်းအနားများကို ဒီဇင်ဘာ (၁၂)ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ လည်းကောင်း၊ ဒီဇင်ဘာ (၁၄)ရက်တွင် ပုသိမ်မြို့၌ လည်းကောင်း၊ ဒီဇင်ဘာ (၁၅)ရက်တွင် မန္တလေးမြို့ မနော်ရမ္မံ ပြည်သူ့ရင်ပြင် (ဟစ်တိုင်ကွင်း)၌ လည်းကောင်း၊ ဒီဇင်ဘာ(၁၇)ရက်တွင် ဘားအံမြို့ ဇွဲကပင်ခန်းမရှေ့၌ လည်းကောင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် UHC Day ၏ ဆောင်ပုဒ်မှာ " Health for All : Keep the Promise" ဖြစ်သည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်