မန္တလေး ၆ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်၍ ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော Covid-19 Quarantine Center Football Academy (Mandalay)ကို မကြာမီရက်ပိုင်းတွင် စတင်အသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။

 

ယင်း၌ Quarantine ဝင်မည့်သူ ဦးရေ ၁ဝဝ ကျော်ကို လက်ခံစောင့်ရှောက်မှုပေးနိုင်မည်ဟု သိရသည်။

 

အဆိုပါ အဆောက်အအုံကို Quarantine Center အဖြစ် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးဆောင်သည့် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ၎င်းစင်တာသို့ ရောက်ရှိလာကြမည့် သူများအတွက် အစားအသောက် အစီအစဉ်များကိုပါ လှူဒါန်းသွားမည်ဟု သိရသည်။

 

“ကျန်းမာရေးဝန်ထမ်းထားရမယ်၊ Volunteer တွေရှာပေးရမယ်၊ ဘယ်လိုလူတွေ ထားမယ်ဆိုတာ ကိုတော့ ပြန်သုံးသပ် ရဦးမှာပါ၊ မန္တလေးမှာ အကုန်အဆင်သင့် ပြင်ထားပါတယ်၊ ပြည်သူတွေ စည်းကမ်းတွေ လိုက်နာဖို့ အရေးကြီးတယ်၊ မလိုက်နာဘူးဆိုရင်တော့ ကိုဗစ် ထိန်းချုပ်ရတာ နည်းနည်းကြာမယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

အဆိုပါ စင်တာကြိုတင် ပြင်ဆင်ခြင်း ဆောင်ရွက်မှုလုပ်ငန်းများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်နှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အတွက် Quarantine Centre များ တိုးချဲ့ခြင်း၊ အတည်ပြု Positive လူနာကုသရန် ကန်တော်နဒီဆေးရုံ၊ ကုတင် ၃ဝဝ ဆံ့ သင်ကြားရေးဆေးရုံတို့အပြင် ပြင်ဦးလွင်ခရိုင်အတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်ရှိ ကုတင် ၅ဝ ဆံ့ ဆေးရုံ တို့ကိုလည်း လျာထား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လိုအပ်ပါက သင့်လျော်မည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်ရန် စီမံထားသည်။

ဖြိုးအိ