ဟိုပုံး  ၂  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူဦးရေသုံးထောင်ကျော် အကျိုးပြုသည့် ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်နေမှုအား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက  ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အဆိုပါအဖွဲ့သည် တိလုံကျေးရွာအုပ်စု၊ ထမ်းဘုရားကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၏ ပြင်ထိန်းရန်ပုံငွေကျပ် (၄၉ ဒသမ ၆)သန်းဖြင့် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ၊ Steel Structure (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ဆက်လက်၍ မြို့နှင့် အလှမ်းဝေးသည့် စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာနှင့် လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး မြေသားလမ်း (၄)မိုင် (၃)ဖာလုံ ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

“ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ မြင့်မားရေးအတွက် ရည်ရွယ်ပြီးတော့ နဂိုလမ်းက ကားသွားလို့မရဘူး၊ ဆိုင်ကယ်ပဲသွားလို့ရတော့ ခြံထွက်သီးနှံတင်တဲ့အခါမှာ အတော်အခက်အခဲရှိလို့ ကျေးရွာကပြည်သူတွေနဲ့ တိုင်ပင်ပြီး ဖောက်လုပ်ခြင်းဖြစ်တယ်၊ အခုကတော့ (၂)မိုင်တော့ ဖောက်လုပ်ပြီးပြီ၊ ဆက်လက်ဆောင်ရွက်ဖို့ အခက်အခဲရှိတယ်၊ နိုင်ငံတော်မှ ဖြေရှင်းကူညီပေးနိုင်ရင်တော့ ပိုအဆင်ပြေတယ်” ဟု အဆိုပါလမ်း ဖြစ်မြောက်ရေးကော်မတီမှ ဦးခွန်အောင်ကျော်ထံက ပြောသည်။

 

အဆိုပါ ကျေးရွာကျေးဆက် မြေသားလမ်းကို လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ပြောသည်။

 

အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပြီးစီးပါက စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာရှိ အိမ်ခြေ(၅၀ဝ)၊ လူဦးရေ(၂၅၆၀)ဦးနှင့် လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာရှိ အိမ်ခြေ(၁၅၀)၊ လူဦးရေ (၈၀ဝ)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ကာ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

 

 

ခွန်ရဲထွေး(ဆီဆိုင်)