လင်းသစ်
ဒွါရာဝတီခေါ် သံတွဲမြို့ကို ရခိုင်ရိုးမ တောင်စွယ်တောင်တန်းများက ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ် တောင်တန်းများပေါ်မှ စီးဆင်းလာသော ချောင်းမြောင်းများကလည်း မြို့အနီးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏ အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက်၊ နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံအတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အား
“ကျွန်တော်တို့ဒေသဟာ ပင်လယ်နဲ့နီးတယ်။ တောတောင်တွေပေါတယ်။ မြစ်ချောင်းတွေရှိတယ်။ ဒီလို ကိုယ့်မှာ ရှိတဲ့အရာတွေကနေ တိုးတက်မှုရချင်တယ်။ အခုတော့ သူဌေးချောင်းကနေ ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေတဲ့အတွက် ဒီကနေ ဓာတ်အားတိုးတက်မှု ရရှိမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း မပျက်စီးစေချင်ဘူး။ ဒီအတွက်ကိုလည်း သက်ဆိုင်ရာဌာနတွေက စီမံ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ကိုယ့်ဒေသကနေ ရရှိမှာဖြစ်တဲ့အတွက် ဒေသခံတစ်ဦးအနေနဲ့ ဝမ်းသာပါတယ်။ မြန်မြန်လည်းရချင်ပါတယ်” ဟု သံတွဲမြို့နယ် ပုရစ်ကျေးရွာတွင် နေထိုင်သည့် ဦးအောင်ခင်သိန်းက ပြောသည်။
လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် (တောင်ပိုင်း) သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင် ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ရှိပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သူဌေးချောင်း ရေအားလျှပ်စစ်စီမံ ကိန်းကို ၃၇ မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက်သုံးလုံးဖြင့် လည်ပတ်ကာ စုစုပေါင်း တပ်ဆင်စက်အင်အား ၁၁၁ မဂ္ဂါဝပ် ရှိမည်ဖြစ်သည်။
“စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုက ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိဆိုရင် စီမံကိန်းလုပ်ငန်းတစ်ခုလုံးရဲ့ ၇၇ ဒသမ ၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စီမံကိန်း ရာနှုန်းပြည့်ပြီးစီးပြီးတော့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ ကျွန်တာ်တို့ဌာနအနေနဲ့ ကြိုးပမ်း ဖော်ဆောင်လျက်ရှိပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြသူရက ပြောကြားသည်။
ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင် ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ များနှင့်ပူးပေါင်းကာ ကနဦးစူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ဌာနမှအင်ဂျင်နီယာများသည် အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှု လုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာ နှစ်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနမှသိရသည်။
“စီမံကိန်းစတဲ့ အကြိုလုပ်ငန်းတွေမှာတော့ ဂျပန်ပညာရှင်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ရေလွှဲဥမင်လိုဏ်နှင့် စိမ့်ရေတားနံရံ ဒီဇိုင်း ရေးဆွဲတာအထိ ပူးပေါင်းလုပ်ခဲ့တယ်။ အခုကတော့ နည်းပညာဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာရေးဆွဲတာနဲ့ တည်ဆောက်မှု လုပ်ငန်းတွေအားလုံးကို နိုင်ငံ့ဝန်ထမ်းအင်ဂျင်နီယာတွေနဲ့သာ ဆောင်ရွက်နေပါတယ်” ဟု သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်း တာဝန်ခံညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက ပြောသည်။
စိမ့်ရေတားနံရံကို ပလတ်စတစ်ကွန်ကရစ်ဖြင့် အနက် ၁၅၃ ပေ တည်ဆောက်ခဲ့
သူဌေးချောင်း၏ မြစ်ပို့ချလွှာသည် ပေ ၁၅၀ ခန့်အထိ ထူထဲရာ အောက်ခံ ကျောက်သားအမာအထိ ဖယ်ရှား၍ တမံတည်ဆောက်ပါက ငွေကြေးနှင့် အချိန်များစွာ ကုန်ဆုံးနိုင်သည့််အတွက် ရေတားတမံ၏အောက်တွင် ခေတ်မီနည်းပညာဖြင့် စိမ့်ရေတားနံရံကို ပလတ်စတစ်ကွန်ကရစ်ဖြင့် အနက် ၁၅၃ ပေအထိ တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနသည် စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်နှင့် ရေယူအဆောက် အအုံလုပ်ငန်းများကို ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယခုအခါ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် အစီ အစဉ်အရ ပင်မတမံ၊ ရေပိုလွှဲ၊ ဓာတ်အား ပေးစက်ရုံ၊ အကူရေပိုလွှဲနှင့် ရေလွှဲဥမင် လိုဏ်အထွက်မြောင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာပညာရှင်များ က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးရွာသုံးရွာမှ အိမ်ထောင်စု ၅၀၀ ခန့်
စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရာတွင် ရေဝပ်ဧရိယာ အတွင်းကျရောက်သော ကျေးရွာများ အတွက် လူမှုစီးပွားဘဝအခြေအနေများ မူလထက် သာလွန်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ပုရစ်၊ မယ်ဝနှင့် ရေကောက်ကျေးရွာသုံးရွာမှ စုစုပေါင်း အိမ်ထောင်စု ၅၀၀ ခန့်ကို ၎င်းတို့ ကိုယ်တိုင်ပူးပေါင်းပါဝင်ရွေးချယ်ထားသည့် နေရာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။
ထို့အတူ ဘာသာရေးအဆောက်အအုံနှင့် လူမှုရေးအဆောက်အအုံများ ကိုလည်း ရခိုင်ရိုးရာဒေသဓလေ့၊ ဘာသာရေးထုံးတမ်း၊ စံပြကျေးရွာ အင်္ဂါရပ်များ ပြည့်စုံစွာဖြင့် ကျေးရွာသူ ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။ အလားတူပင် ဘုန်းတော်ကြီးကျောင်း၊ စေတီ၊ သိမ်၊ စာသင်ကျောင်း၊ ဒေသန္တရ ဆေးပေးခန်း၊ လူထုတွေ့ဆုံခန်းမ၊ ကျေးရွာစာကြည့်တိုက်၊ အုပ်ချုပ်ရေးမှူး ရုံး စသည်တို့ကို မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆ ကီလို ဝပ် နာရီသန်းကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ နိုင်ငံအတွင်းရှိ လူဦးရေ တစ်သန်းခန့်ကို လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲစေနိုင်ကာ ပြည်သူများ သုံးစွဲရန်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အထောက်အကူပြုဖြည့်တင်းပေးနိုင် မည်ဖြစ်သည်။ ။