နေပြည်တော်၊ စက်တင်ဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အေရုံ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဝန်ကြီးဌာန၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပရခြင်းမှာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိစေရေး၊ တစ်သင်းနှင့်တစ်သင်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းအပေါ် အစုအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ အားကစား လှုပ်ရှားမှုများကြောင့် ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေရေး၊ ဝန်ကြီးဌာနအတွက် အင်အားတောင့်တင်းပြီး ခိုင်မာအားကောင်းသည့် ပြိုင်ပွဲဝင် ဘောလီဘောအသင်းတစ်သင်း ဖြစ်ပေါ်လာပြီး အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း။ ယခုပြိုင်ပွဲမှ တစ်ဆင့် ဝန်ကြီးဌာနဂုဏ်ဆောင် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာပြီး နိုင်ငံတော်အဆင့်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး၌ ဝန်ကြီးဌာန ကိုယ်စားပြု ဘော်လီဘောအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထားကာ အားကစား စိတ်ဓာတ်အပြည့်ဖြင့်  ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။ 

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဝန်ကြီးရုံး e-ID ကိုယ်စားပြုအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းဖြင့် အုပ်စု (၂) ခုခွဲကာ စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ အုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်