ထားဝယ် ဇွန် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဂုဏ်ပြုအမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နှစ်ပတ်လည်နေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ကုန်ကျခဲ့သော သွေးစစ်ခနှင့် ဓာတ်ပုံရိုက်ခများအား ကူညီပံ့ပိုးငွေများပေးအပ်ကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က e-ID စနစ်ဖြင့် နိုင်ငံသား ကိုယ်ရေးမှတ်တမ်းများ Excel Format ဖြင့် ရိုက်သွင်းရာတွင် ကူညီဆောင်ရွက်ပေးကြသော တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက စာစီစာကုံးဆုရ ကျောင်းသား ကျောင်းသူများ၊ e-IDစနစ်ဖြင့် ထည့်သွင်းရာတွင် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် တာဝန်ယူဆောင်ရွက်ခဲ့သော ဝန်ထမ်းများအားလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ဝန်ထမ်းမိသားစုများက ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့၊ ဃောသိတရာမ ပါဠိတက္ကသိုလ်ကျောင်း၌ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)