နေပြည်တော် ဖေဖော်ဝါရီ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရ မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် e-ID Dtaabase ရှိစာရင်းများကိုအခြေ ခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် လက်ရှိအသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပထမအကြိမ်ပေးပို့ထားပြီး ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပေး ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဌာနဆိုင်ရာ များ၏ ပူးပေါင်းကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူရာမှ ပြုစုထားသည့်လူဦးရေစာရင်းကို နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်လူဦးရေ စာရင်းကို ပြုစုမည်ဖြစ်သည့်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်အရ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာနည်း ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အဖွဲ့ဝင်များနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်များကို ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ စာရွက်စာတမ်းမှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းကိုင်တွယ်ကြရန်နှင့် ဝန်ထမ်းအားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရန်လိုအပ်ကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂါတ်အတွက် လက်ငင်းဦးစား ပေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဝန်ထမ်းတိုင်းက လုပ်ငန်းစဉ်များ၏ အတိမ်အနက်နှင့် အရေးပါမှု၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်း၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးမည့် အခြေအနေစသည်တို့ကို သိရှိနားလည်ပြီး အချင်းချင်းအပြန်အလှန် လေးစားယုံကြည်ကာ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းအပေါ် ဌာနမှ ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း များဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့် တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်