သုဝဏ္ဏဝတီမြို့ ၂၃ ဇူလိုင်

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ဓနူကတိုက်ကျေးရွာ၌ ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီခွဲက ရေကန်အတွင်း လူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ်လင်းသူအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဓနူကတိုက်ကျေးရွာ ရာအိမ်မှူး ဦးအောင်နိုင်၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးဝင်းအောင် (၅၆)နှစ်၊ လယ်စားရင်းငှား၊ ကတိုက်ကလေးကျေးရွာ နေသူအား လယ်ကွင်းအမှတ်(၅၄၇)အနီး အလျား ပေ ၆၀၊ အနံ ပေ ၁၈၊ အနက် ပေ ၁၀ ခန့်ရှိသော ရေကန်အတွင်းတွင် ရေနစ်သေဆုံးလျက် တွေ့ရှိ၍ စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ ပုတ်ပွ သေဆုံးနေကြောင်း သိရသည်။

လယ်ပိုင်ရှင်ဖြစ်သူ ဦးစိုးမိုးအောင်၏ ပြောကြားချက်အရ သေဆုံးသူသည် အရက်သောက်စားတတ်သူဖြစ်ပြီး ဇူလိုင် ၂၁ ရက် နံနက်ပိုင်း လယ်တဲမှ ထွက်သွားရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိရဘဲ ယနေ့မှ ရေကန်အတွင်း ပုတ်ပွပေါ်လာသည်ကို တွေ့ရှိရကြောင်း ပြောသည်။ သေဆုံးခြင်းနှင့်ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်(ဝင်းပ)