လယ်မြေဧက ၂၂၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်တံတားတစ်စင်း ဝန်းသိုတွင် တည်ဆောက်

ဝန်းသို ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လျင်မြန်စွာ သယ်ပို့နိုင်ရေး ကုန်ထုတ်လမ်း၊ တံတားများ တည်ဆောက်ပေးလျက်ရှိရာ ပြည်ထောင်စုဘတ်ဂျက် (မွမ်းမံ) ရန်ပုံငွေဖြင့် အရှည်ပေ ၂၀ ရှိ ကုန်ထုတ်တံတားတစ်စင်းကို အောင်းကုန်းကျေးရွာ၌ တည်ဆောက်နေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

အဆိုပါကုန်ထုတ်တံတားမှာ ကျောက်ရိုးစီ ကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် (မွမ်းမံ) ရန်ပုံငွေကျပ် ၈ ဒသမ ၇ သန်းဖြင့် တော်ဝင်ဇူလီယန် ကုမ္ပဏီက တာဝန်ယူလျက် ဇွန် ၂၇ ရက်မှ စတင်တည်ဆောက်ခဲ့ရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ကုန်ထုတ်တံတား တည်ဆောက်ပြီးပါက လယ်မြေဧက ၂၂၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း အရှည်ပေ ၁၉၀၀ ရှိ အောင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းကို ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)

received_185599456812938.jpeg