ထီးလင်း စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျင်းကျေးရွာအနီး ပင်ထောင်ချောင်းကို အမှီပြု၍ ဆောက်လုပ်ထားသည့် တောင်အိုဆည်မှာ ရေများဝင်ရောက်မှုများနေပြီ ဖြစ်သည့်အတွက် လယ်မြေများသို့ ရေဝင်လျက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆ သန်းဖြင့် ဂန့်ဂေါခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနက သံခြင်းကျောက်ဖြည့် ရေလွှဲဆည်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

တောင်အိုဆည်သည် ယခင်က ကျေးရွာ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သစ်ခက်လက်ရိုက်ဆည်အဖြစ်သာ ဆောက်လုပ်နိုင်ခဲ့ရာ မိုးရာသီကာလ ချောင်းရေကြီးရေလျှံ ရေတိုက်စားမှုကြောင့် နှစ်စဉ်ပျက်စီးလေ့ရှိပြီး ယခုအခါတွင် သံခြင်းကျောက်ဖြည့် ရေလွှဲဆည်အဖြစ် အဆင့်မြှင့်ပြုပြင်ခြင်းဖြင့် သစ်တော ပြုန်းတီးခြင်းမှ ကာကွယ်ပေးခြင်း၊ နှစ်စဉ်ပြုပြင်ရသည့် ကုန်ကျစရိတ် သက်သာခြင်းတို့အပြင်  ရာသီမရွေး စိုက်ပျိုးရေရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါတောင်အိုဆည်သည် တူးမြောင်အလျား ၂၃၈ ပေ၊ ရေလွှဲဆည်အလျား ၁၀၀ ပေ၊ ရေလွှဲထိပ် အကျယ် ပေ နှင့် ရေလွှဲဆည်အမြင့် ပေ ရှိပြီး မူလအကျိုးပြု လယ်မြေ ဧက ၁၁၀ အပြင် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်မည့် လယ်မြေဧက ၁၃၀ စုစုပေါင်း လယ်မြေဧက ၂၄၀ ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကာ ကျေးရွာရှိ အိမ်ခြေ ၂၆၀ နှင့် လူဦးရေ ၁၀၀၀ ခန့်တို့ အတွက် အကျိုးပြုလျက် ရှိနေကြောင်း သိရသည်။

 

စိန်ကျော်