လယ်မြေဧက ၅၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ် မြေသားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေး

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မရဲ့အုန်းပင်စုကျေးရွာအုပ်စု မရဲ့အုန်းပင်စုကျေးရွာတွင် ကုန်ထုတ်မြေသားလမ်းအား သဲ၊ ကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းအား တင်ဒါအောင်မြင်သည့် ရတနာပစ်တိုင်းထောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေပြီး ပြီးစီးမှုအခြေအနေအား ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ကုမ္ပဏီမှတာဝန်ရှိသူများက ကုန်ထုတ်မြေသားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် သတ်မှတ်စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

မရဲ့အုန်းပင်စုရွာ ကုန်ထုတ်မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် အရှည် ၁ မိုင် ၂ ဒသမ ၆၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၉ ဒသမ ၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လမ်းပြီးစီးသွားပါက ကျေးရွာရှိ လယ်ယာလုပ်ငန်းရှင်များ၏ ကုန်ကြမ်းထွက်ကုန်နှင့် ကုန်ချောထုတ်ကုန်များအား စျေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း လပွတ္တာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တေဇာလင်း