ချောင်းဆုံ ၂၇ မေ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ လယ်ယာမြေများ၌ မြေဆီလွှာအချဉ်ဓာတ် မရှိစေရန်၊ အပင်အတွက် လိုအပ်သည့် အာဟာရဓာတ် ပိုမိုရရှိစေရန်အတွက် ထုံးထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်သူ ဦးစံသိန်း၊ ဦးအောင်သိန်းနှင့် ဦးသက်လွင်ဦး ပိုင်ဆိုင်သည့် လယ် (၁၀)ဧကတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လယ်ယာမြေများတွင် ထုံးဓာတ်ထည့်ခြင်းအားဖြင့် မြေဆီလွှာ၏ ချဉ်ငံကိန်း Soil PH ကို သက်သာစေပြီး အပင်မှ လိုအပ်သည့် အာဟာရဓာတ်များကို ပိုမိုစုပ်ယူလာနိုင်ကြောင်း၊ ထုံးဓာတ်တွင် ပါဝင်သည့် အလူမီနီယံဓာတ်၊ သံဓာတ်နှင့် မိကနိဓာတ်များမှ အပင်ကို အဆိပ်သင့်စေမှုအား လျော့ကျစေနိုင်ကြောင်း၊ ဓာတ်ဖိုဖလှယ်စွမ်းအား CEC ကို တိုးတက်စေပြီး အပင်မှ ဖော့စဖိတ်ဓာတ်၊ ကယ်လစီယမ်ဓာတ်နှင့် မက်ဂနီဆီယမ်ဓာတ်များ ပိုမိုရရှိနိုင်ကြောင်း၊ ဒေသတွင်းကျရောက်နေသည့် ရွှေခရုဖျက်ဆီးမှုမှ ကင်းဝေး စေနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထူးအိမ်(ပြန်/ဆက်)