ရန်ကုန်  ၃  မတ်

မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ကြီးမှူး၍ တောင်သူလယ်သမားများကို ကြိုဆိုဂုဏ်ပြုသည့် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၂ ရက်အထိ သာကေတမြို့နယ် မင်းနန္ဒာလမ်း Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပသည်။

ပြပွဲနှင့်အတူ လယ်တောသူအလှမယ်နှင့် ကျေးလက်တောသဘာဝဓလေ့ကို ဖော်ညွှန်းသည့် မြန်မာသံစဉ် ကျေးလက်တေးသီချင်းအဆိုပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာ မတ် ၂ ရက်က ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။ လယ်တောသူအလှမယ်ပြိုင်ပွဲတွင် Miss Farmer ဆုကို မြတ်နိုးသိင်္ဂီစံ၊ 1st Runner Up ဆုကို မိတလချမ်း၊ 2nd Runner Up ဆုကို နော်သီရိစန္ဒာ၊ Miss Photogenic ဆုကို မေဇင်ဦး၊ Best Costume ဆုကို အိနန္ဒာမောင်၊ Member's Choice ဆုကို ထက်မြတ်လှိုင်တို့က ရရှိကြသည်။ ဆုရရှိကြသူများအား မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ရွှေသားသရဖူနှင့် ဆုငွေများ ပေးအပ်ကြသည်။

ထို့နောက် မြန်မာသံစဉ်ကျေးလက်တေးသီချင်း အဆိုပြိုင်ပွဲတွင် ဆုရရှိကြသည့် အဆိုရှင်အမျိုးသား အမျိုးသမီး ၁၂ ဦးတို့အား ဆုများပေးအပ်ကြသည်။

အောင်သူရ