နေပြည်တော် ဖေဖော်ဝါရီ ၂၀

 

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဖောင်တော်ချက်မဘုရားကြီးမှ တွေ့ရှိရသော ပျူခေတ်ကြေးရုပ်ပွားဆင်းတုတော်တစ်ဆူ လှူဒါန်းခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖောင်တော်ချက်မဘုရားကြီး၏ ဂေါပကဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖောင်တော်ချက်မဘုရားကြီး ပြိုကျရှင်းလင်းရာမှ တွေ့ရှိရသည့် သမိုင်းတန်ဖိုးကြီးမားသည့် ပျူခေတ်ရုပ်ပွားဆင်းတုတော်ကို နောင်မျိုးဆက်သစ်လူငယ်များနှင့် သမိုင်း သုတေသနပညာရှင်များ လေ့လာနိုင်ရန်အတွက် အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက် လှူဒါန်းပေးသော ဂေါပကအဖွဲ့ဝင်များနှင့် လှူဒါန်းအောင်တိုက်တွန်းပေးကြသော ဌာနဆိုင်ရာများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် ဖောင်တော်ချက်မဘုရားကြီး ဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပျူခေတ်ကြေးရုပ်ပွား ဆင်းတုတော်တစ်ဆူကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

၂၀၂၅ ခုနှစ် မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ရှိ ဖောင်တော်ချက်မဘုရားကြီး ပြိုကျခဲ့သဖြင့် ရှင်းလင်းရာမှ ဌာပနာပစ္စည်းများ ပေါ်ထွက်လာသဖြင့် စာရင်းကောက်ယူခဲ့ရာ ဌာပနာပစ္စည်း (၁၀၈၆)ခုကို တွေ့ရှိမှတ်တမ်းတင်ခဲ့ပြီး အဆိုပါ ဌာပနာပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်၊ ကြေး၊ မြေ၊ ခဲ စသည်တို့ဖြင့် ပြုလုပ်ထားကာ ပျူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ် ရုပ်ပွားဆင်းတုတော်များနှင် သတ္တဌာနဌာပနာ ပစ္စည်းများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ စိစစ်လေ့လာမှုများအရ သိရသည်။

 

ဌာပနာပစ္စည်းများအနက်မှ ဉာဏ်တော်အမြင့် ၄ ဒသမ ၅ လက်မ၊ ဒူးခွင် အကျယ် ၃ လက်မ အရွယ်အစားရှိသော ပျူခေတ်ကြေးဆင်းတုတော် (စမ္မခံပါ ထိုင်တော်မူ သပိတ်ပိုက်ရုပ်ပွားဆင်းတုတော်) တစ်ဆူအား ထူးခြားမှုအနေဖြင့် တွေ့ရှိခဲ့ရသည်။

 

ပျူခေတ်ရုပ်ပွားတော် ဆင်းတုတော်သည် ရှားပါးခြင်းကြောင့် သမိုင်းမှတ်တမ်းထားရှိရန်၊ သုတေသနပညာရှင်များလေ့လာနိုင်ရန်၊ အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် အများပြည်သူများ ဖူးမြော်လေ့လာနိုင်ရန်အတွက် စေတီတော်ကြီးတွင် ပြန်လည်ဌာပနာခြင်းမပြုဘဲ ဘုရားဂေါပကအဖွဲ့က ဩဝါဒါစရိယ ဆရာတော်များ၏ ဩဝါဒခံယူ၍ အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်