နေပြည်တော်၊ စက်တင်ဘာ ၂၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ အောင်သိဒ္ဓိ ရတနာပုံ ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမိန္ဒ အား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အဆိုပါကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေအိမ်မျောပါ ပျက်စီးသွားသော လူနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးများကို ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ရေဘေးသင့်ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

 

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၇၄၃) ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး နေပြည်တော်စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ထွန်စက်ကြီးများဖြင့် လယ်ယာမြေများ မြေပြုပြင်ခြင်းလုပ်ငန်းနှင့် လက်စွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အဆိုပါစိုက်ကွင်းရှိ ရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေများအတွက် စပါးမျိုးစေ့များကို တောင်သူများကို ထောက်ပံ့ပေးအပ်ပြီး လူနေအိမ်မျောပါခဲ့သည့် နေအိမ်နှစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးများကို ထောက်ပံ့ ပေးအပ်သည်။

 

ထိုမှတဆင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေးချမ်းသာ ကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာ ဇနိတာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အဆိုပါကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ အဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းများ၊ ထမင်းဗူးများကို ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် အမှိုက်များ၊ ဒိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများနှင့် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေကြသည့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများအား စားသောက်ဖွယ်ရာများပေးအပ်သည်။

 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးလယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပြီး ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နေအိမ်မျောပါပျက်စီးမှုများ ထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များတက်ရောက်ကြသည်။ 

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး  တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လယ်ယာမြေများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပြီး ရာသီသီးနှံ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေ ပေးဝေနိုင်ရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။   

 

ထွန်းထွန်းဝင်း (ပြန်/ဆက်)