လယ်ဝေး နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို ယနေ့ နံနက် ၉ နာရီက လယ်ဝေးမြို့ သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ(၂၁)ရက်အထိ ကျောင်းသား ကျောင်းသူ (၁၇၁၃၃)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသားကျောင်းသူ များအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေး ဌာနဝန်ထမ်းများနှင့်တာဝန်ရှိသူများက ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို အောက်တိုဘာ ၁၂ ရက်မှ စတင်ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ ၂၁ ရက်အထိ ကျောင်းသားကျောင်းသူ(၇၉ ဒသမ ၇၀)ရာခိုင်နှုန်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)


