လယ်ဝေး  ဒီဇင်ဘာ   ၁၇

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား သီရိမင်္ဂလာခန်းမနှင့် အခြား ဆေးထိုးစုရပ် (၁၀)နေရာတို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ကို သတ်မှတ်ရက် များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစင်တာများဖြစ်သည့် သီရိမင်္ဂလာခန်းမ၊ တိုက်နယ် ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် ဒီဇင်ဘာ ၁၆ ရက်နေ့အထိ အသက်ကြီးသူများ၊ ဦးတည်အုပ်စုအလိုက် ပြည်သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ (၁၃၆၀၉၄)ဦးအား ပထမအကြိမ် ကာကွယ်ဆေးကိုလည်းကောင်း၊ လူဦးရေ (၇၉၁၅၄)ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးကို လည်းကောင်း ထိုးနှံပေးခဲ့ပြီး မြို့နယ်လူဦးရေ၏ ၅၈ ဒသမ ၁၇ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)