နေပြည်တော် မေ ၂၄

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၄ ရက် နံနက်ပိုင်းက လယ်ဝေးမြို့နယ်ရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများမှ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက “ဧပြီ ၂၁ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် လယ်ဝေးမြို့နယ်၊ ကန်သာကျေး ရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့် ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းများအနေဖြင့် ကိုယ့်သွေးချင်းသားရင်းပမာ လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်း စာနာစိတ်အပြည့်ဖြင့် စားရေရိက္ခာ ဖူလုံစေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်း ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ကိုယ်စား လေဘေးသင့်အိမ်ထောင်စု ၂၅၅ စုတို့အား ဆန်၊ ဆီ ရိက္ခာများ ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က “နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများအား စနစ်တကျ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စေတနာရှင် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများ နှင့် ငွေများအား အလေအလွင့်မရှိစေရေး မှတ်တမ်းပြုစု  ဆောင်ရွက်လျက်ရှိကြောင်း၊ လေဘေးသင့် ကျေးရွာနှစ်ရွာအား ပြန်လည်ထူထောင်ရေးအတွက် စီမံဆောင်ရွက်ထားမှု အခြေအနေများ၊ ဆန်၊ ဆီရိက္ခာများ ထောက်ပံ့လှူဒါန်းပေးကြသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့လှူဒါန်းသည့် ဆန်၊ ဆီ ရိက္ခာများကို လည်းကောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အရာထမ်းအမှုထမ်းများမှ လှူဒါန်းသည့် လှူဒါန်းငွေ ၄၂၁၈၇၀၀ ကျပ်ကိုလည်း ကောင်း ထောက်ပံ့လှူဒါန်းကြရာ လေဘေးသင့် အိမ်ထောင်စုများကိုယ်စား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် လေဘေးသင့်ကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လေဘေးသင့် ပြည်သူအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အားပေးစကားပြောကြားကြသည်။

 

လေဘေးသင့်အိမ်ခြေ ၂၅၅ အိမ်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ ၅၀ ကျပ်သား တန်ဖိုး ၉၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၉၂ သိန်းခန့်နှင့် ထောက်ပံ့ငွေ ကျပ် ၄၂၁၈၇၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)