နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ စွာ ပညာသင်ကြားနိုင်ရေး၊ သွေးလွန်တုပ်ကွေး စသည့်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် နိုင်ရေးအတွက် အပတ်စဉ်မပျက်မကွက် ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေး မြို့နယ် မြွေရိုးလေးကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် တင်ဒါအောင်ကုမ္ပဏီက ပေ(၆၀ x ၃၀) ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် အရည်အသွေးပြည့်မီစွာ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မဘုရားနှင့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှ ဘုရားတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးကာ ငလျင်ဘေးသင့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိက အဆောက်အအုံ များ ပြန်လည်မွမ်းမံတည်ဆောက်ရာတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း များ၊ ငလျင်ပညာရှင်များ၊ အင်ဂျင်နီယာအသင်း ပညာရှင်များ၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီတို့၏ စစ်ဆေးအတည်ပြုချက်များ နှင့်အညီ မွမ်းမံပြုပြင်တည်ဆောက်ရမည် ဖြစ်ကြောင်း၊ စနစ်တကျဖြစ်စေရန်အတွက် ပြုပြင် မွမ်းမံရေး ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် သာသနာ့လင်္ကာရ ဗိမာန်၌ သံဃာ ၁၄၉ ပါးနှင့် သီလရှင် ၁၂ပါး စုစုပေါင်း ၁၆၁ ပါး ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)