နေပြည်တော်  အောက်တိုဘာ ၁၉

 

ဆည်ရေသောက်စနစ်များတွင် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စိုက်ခင်းများ၏ ရေလိုအပ်ချက်နှင့် ရေပေးဝေမှုဟန်ချက်ညီစေရေး၊ ရေသောက်စနစ်အတွင်းရှိ စိုက်ကွင်းများအားလုံး စိုက်ပျိုးရေ အညီအမျှရရှိသုံးစွဲနိုင်ရေးအတွက် ဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဆည်ရေ ပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာ စနစ်တကျလယ်ယာမြေ ဧက(၁၂၀)ကို လယ်ဝေး မြို့နယ် ချောင်းမငယ် ဆည်ရေသောက်စနစ်၊ လက်တံမြောင်းအမှတ်(၁၁)တွင် ဆောင်ရွက်ထားရှိ ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေကို စိုက်ပျိုးမွေးမြူရေးအခြေခံသော ဖွံ့ဖြိုးတိုးတက်သည့် စံပြဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မျိုးစေ့သွင်းအားစုနှင့် စိုက်ပျိုး ရေးဆိုင်ရာနည်းပညာရပ်များ၊ စိုက်ပျိုးရေအသုံးချမှုဆိုင်ရာ နည်းပညာရပ်များကို ဒေသနေ တောင်သူများ စနစ်တကျလေ့လာနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စုရှိ အဆိုပါ ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာ စနစ်တကျလယ်ယာမြေ ဧက(၁၂၀)တွင် မိုးစပါး တစ်ဧက တင်း(၁၀၀)နှုန်းထွက်ရှိ ရေးအတွက် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) ရောစပ်ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

 

အခမ်းအနားတွင် ဒေသနေတောင်သူလယ်သမားများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လက်ရှိ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းကြီးမြင့်လာမှုနှင့်အတူ သွင်းအားစုဈေးနှုန်းများနှင့် ထွက်ရှိလာသည့် သီးနှံများဈေးကောင်းရရှိနေမှု အခြေအနေများ၊ သွင်းအားစုစရိတ် လျှော့ချ နိုင်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းပညာများ စနစ်တကျ လိုက်နာအသုံးပြု ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မှု အခွင့်အလမ်းများကို ဆွေးနွေး ပြောကြားပြီး အခမ်းအနားတက်ရောက်လာသော တောင်သူများနှင့်  လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။

 

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက်စနစ်၊ လက်တံ မြောင်းအမှတ်(၁၁)တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာတွင် တူးမြောင်းပုံစံကျ တူးဖော်ပြုပြင်ခြင်း၊ မြေသား တူးမြောင်းများ လိုင်နင်စီခြင်း၊ တူးမြောင်းအတွင်း ရေမှတ်တိုင်စိုက်ထူခြင်း၊ ရေပေးပြွန်များ ပြန်လည်စိစစ်ခြင်းနှင့် ရေတံခါးများတပ်ဆင်ခြင်း၊ ရေအသုံး ချသူများအဖွဲ့ WUG များထပ်မံ ဖွဲ့စည်းခြင်းနှင့် တောင်သူပူးပေါင်းပါဝင်သော ရေစီမံခန့်ခွဲမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်း များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများနှင့် ဒေသနေ တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)