နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးရွာ (၃၂)ရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်ရေ/ သုံးရေများ ဖူလုံမှုရရှိစေရန် ရည်ရွယ်၍ ကျေးရွာအတွင်းရှိ ရေတွင်းများအား တွင်းဆေး၊ တွင်းမှုတ်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ အဆိုပါ ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ လယ်ဝေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးတင့်နှင် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲသည့် ကျေးရွာ (၃၂)ရွာ၌ ရေတွင်းတွင်းတိမ်/ တွင်းနက် စုစုပေါင်း (၃၉၂)တွင်းအား သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် တွင်းဆေးတွင်းမှုတ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် သန့်ရှင်းသော သောက်ရေသုံးရေများ ဖူလုံစွာရရှိပြီး သုံးစွဲနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက ကျေးရွာရှိရေကန်များတွင်း ကလိုရင်းဆေးမှုန့်ခတ်ခြင်း၊ ရေသန့်ဆေးများ ဖြန့်ဝေခြင်းများကို ကျေးရွာသူ/ ကျေးရွာသားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လယ်ဝေးခရိုင် ကွပ်ကဲမှုအောက်ရှိ လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် တွင်းတိမ်၊ တွင်းနက် စက်ရေတွင်းများအတွင်း ရွှံ့၊ နွံများ ဆယ်ယူခြင်း၊ အပေါ်ယံရေလွှာများ ဖယ်ထုတ်ခြင်းနှင့် တွင်းဆေးတွင်းမှုတ်ခြင်း လုပ်ငန်းများကို ခရိုင်/မြို့နယ်များမှ ဦးစီးဌာနဝန်ထမ်းများက ကျေးရွာသူ/ ကျေးရွာသားများဖြင့် ပူးပေါင်း၍ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန်အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ကျေးရွာ (၃၂)ရွာ၌ သောက်ရေ/သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း လယ်ဝေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိန်လွင်(ကျေးလက်)


