နေပြည်တော် ၁၉ ဇန်နဝါရီ
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာတွင် ယခင်အခါက ဝါးဖြင့် ပြုလုပ်သော မိရိုးဖလာ အိမ်တွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် လယ်ယာလုပ်ငန်းခွင်သုံး တင်းတောင်း၊ ခွဲတောင်းအမျိုးမျိုးနှင့် ဆန်ကော ဆန်ခါ၊ ထမင်းစားပွဲအုပ်ဆောင်းများ ယက်လုပ်ရသည့် လုပ်ငန်းမှာ တွင်ကျယ်စွာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယနေ့အခါတွင် မျိုးဆက်ပြတ်၍လက်ဆင့်ကမ်း အမွေဆက်ခံသူ မရှိသလောက် ရှားပါးသွားကြောင်းသိရသည်။
အဆိုပါ ဝါးဖြင့် ပြုလုပ်သော ပစ္စည်းများကို တင်းဝါးအမျိုးအစားဖြင့် အရွယ်အစားအလိုက် ပြုလုပ်ရခြင်းဖြစ်ပြီး ကြိမ်နှင့်ဝါး နှစ်မျိုးစပ်၍လည်း ထုတ်လုပ်ထားသည်ကို တွေ့ရသည်။
“ကျွန်မတို့ တစ်ရွာလုံးမှာ အခုထိ ဒီလုပ်ငန်းလုပ်တာဆိုလို့ ကျွန်မတို့နဲ့ဆိုရင် (၂)ဦးပဲရှိတော့တယ်၊ နောက်တက်လာတဲ့ လူငယ်တွေက ဒီလုပ်ငန်းအပေါ်မှာ စိတ်မဝင်စားကြတော့ဘူး၊ ရွာမှာလည်း လယ်ယာ လုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းပြောင်းပြီး လုပ်ကြတာတွေများတယ်၊ ကျွန်မတို့မိသားစုထဲမှာကိုပဲ လက်ဆင့်ကမ်း သင်ပေးလို့ မရတော့ဘူး၊ ကျွန်မတို့ ဒီလုပ်ငန်းက ကျွန်မတို့ မမွေးခင် မိဘတွေရဲ့ မိရိုးဖလာ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့တာပါ။ ဒါနဲ့ပဲ မိသားစု အသက်မွေးခဲ့တာပါ” ဟု ဝါးဖြင့်ပြုလုပ်သော ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မခိုင်က ပြောသည်။
ကြိမ်နှင့်ဝါး နှစ်မျိုးစပ်၍ ထုတ်လုပ်ရသည့် နှစ်ထပ်တင်းတောင်း တစ်လုံးလျှင် ကျပ် နှစ်သောင်းခွဲအထိ ရောင်းချရပြီး ယင်းအတွက် တင်းဝါးတစ်လုံးသာ ကုန်ကျကာ ၎င်းတင်းဝါးတစ်လုံးလျှင် ၆၀ဝ ကျပ်ခန့် ဝယ်ယူ ရကြောင်း၊ အဆိုပါ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာမှ ထုတ်လုပ်ထွက်ရှိသည့် ဝါးဖြင့်ပြုလုပ်သော တင်းတောင်း အရွယ်အစားအမျိုးမျိုးနှင့် ဆန်ကော၊ဆန်ခါတို့ကို လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့များအပြင် ရေတာရှည်မြို့တို့မှ လာရောက်ဝယ်ယူကြပြီး သွားရောက်ပို့စရာပင် မလိုကြောင်း ၎င်းက ဆက်၍ပြောသည်။
လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာသည် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၃၀ဝ ခန့်နှင့် လူဦးရေ ၁၀ဝဝ ကျော်ခန့် လက်ရှိနေထိုင်လျက်ရှိကြကြောင်း သိရသည်။
ကိုပေါက် (ဥက္ကမြေ)