လယ်ဝေး အောက်တိုဘာ ၉

 

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး သီးနှံစိုက်ဧကများအား အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက အင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

 

ဦးစွာ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက ရေနစ်မြုပ်သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရာသီနှင့်အညီ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် မြို့နယ်စိုက်ပျိုး​ရေး ကြီးကြပ်မှုကော်မတီဝင် ဦးဝင်းအောင်တို့က ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင်တစ်တင်းနှုန်းဖြင့် ရက်(၉၀)စပါးမျိုး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများလည်း ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မတ် ၁၅ ရက်မှစတင်၍ ရေပေးဝေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများအတွက် မျိုးစပါးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)