ကိုရင်အောင်မိုး(MOALI)
ယနေ့ကမ္ဘာမှာ ကပ်ရောဂါလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးရေးအတွက် အားယူနေကြပြီဖြစ်သလို ငွေကြေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လွတ်မြောက်ရေးကိုလည်း နိုင်ငံအသီးသီးက ကြိုးစားရုန်းကန်နေကြချိန်လည်းဖြစ်ပါတယ်။ အခုလိုအခြေအနေမှာ သက်ဆိုင်ရာမိခင်နိုင်ငံရဲ့ အခြေခံစီးပွားရေး လုပ်ငန်းတွေအပေါ်မူတည်ပြီး လုပ်ငန်းတွေ အောင်မြင်စွာလည်ပတ်နိုင်ရေးနဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အလမ်းတွေကလည်း ကွဲပြားလျက်ရှိကြပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းများစွာရှိ
မည်သို့ပင်ဆိုစေကာမူ ဒစ်ဂျစ်တယ်ထိန်းချုပ်စနစ်နဲ့ ကုန်ထုတ်လုပ်နေတဲ့ စက်မှုနိုင်ငံတွေမှာ လုပ်သားလိုအပ်ချက် လျှော့ချမှုတွေရှိပေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ မိမိတို့နိုင်ငံမှာတော့ အလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေပါသေးတယ်။ မိုးလေဝသအခြေအနေအပေါ် သုံးသပ်ဆောင်ရွက်ရတဲ့လုပ်ငန်းတွေ၊ ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအပြင် အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းစဉ်တွေပါဝင်လို့ ကျွမ်းကျင်တဲ့လူသားအရင်းအမြစ် လိုအပ်ချက်က မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင် သူတွေအနေနဲ့ အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရုံသာမက ကိုယ်တိုင် စွန့်ဦးတီထွင်လုပ်ကိုင်ပြီး လယ်ယာစီးပွားရေး လုပ်ငန်းရှင်အဖြစ် ကြိုးစားနိုင်တဲ့ အခွင့်အလမ်း တွေလည်း ရှိနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာမှာလည်း ကျွမ်းကျင်မှုရှိသူကိုသာ လုပ်ငန်းခွင်တွေက ခေါ်ယူအသုံးပြုကြတာဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလုပ်ပါကလည်း သမားရိုးကျရုန်းကန်လှုပ်ရှားသူထက် နည်းပညာတွေကို စနစ်တကျ သင်ယူတတ်မြောက်ထားသူက လုပ်ငန်းအောင်မြင်ဖို့ အခွင့်အလမ်း ပိုမိုသာလွန်မှာ ဖြစ်ပါတယ်။
ဒီလိုပညာရပ်တွေကို မြန်မာနိုင်ငံအနှံ့အပြားက အခြေခံပညာအထက်တန်းပညာ အောင်မြင်ပြီးသူ လူငယ်မောင်မယ်တွေ စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်း ပညာရပ်အနေနဲ့ စနစ်တကျ လေ့လာသင်ယူနိုင်ကြစေဖို့ ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဇွဲကပင်၊ လုံပီး၊ ကျောက်တော်၊ ဟုမ္မလင်း စတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်တွေ မွေးထုတ်ပေးနိုင်ရေး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
စိုက်ပျိုးရေးနိုင်ငံမှာ များစွာအရေးပါ
တကယ်တော့ စိုက်ပျိုးရေးတက္ကသိုလ်က အဆင့်မြင့်နည်းပညာရှင်တွေလိုပါပဲ၊ စိုက်ပျိုးမွေးမြူရေး အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာလည်း ကျွန်တော်တို့မြန်မာနိုင်ငံလို စိုက်ပျိုးရေးနိုင်ငံမှာ များစွာအရေးပါလျက်ရှိနေပါတယ်။ မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တာထက် ခေတ်မီ နည်းစနစ်တွေကို အသုံးချလုပ်ကိုင်နိုင်မှသာ အရည်အသွေးမြင့်မားတဲ့ထုတ်ကုန်တွေ၊ ဈေးကွက် ဝင်တဲ့ထုတ်လုပ်မှုတွေ ဖြစ်လာမှာပါ။
တစ်နည်းအားဖြင့် စိုက်ပျိုးရေးပညာ စနစ်တကျတတ်ကျွမ်းလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ တိုးပွားလာတာနဲ့အမျှ လယ်ယာကဏ္ဍရဲ့ ထွက်ကုန် ပစ္စည်းအရည်အသွေးနဲ့ ထုတ်လုပ်မှုတန်ဖိုးဟာလည်း သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ပြောရရင် သွင်းအားစုတွေမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေရဲ့အာနိသင်ကို စနစ်တကျသင်ယူ သိရှိထားသူအနေနဲ့ ရော်ရမ်းမှန်းဆပြီး အတိုင်းအဆမဲ့ အသုံးပြုမိတာကို ကျော်လွှားနိုင်မှာဖြစ်သလို ခေတ်မီနည်းပညာ ဖြန့်ဝေရေးလုပ်ငန်းတွေမှာလည်း ပညာတတ် အကျိုးဆောင်တောင်သူတွေအဖြစ် အထောက်အကူပြုနိုင်ကြမှာဖြစ်လို့ နည်းပညာ ပြန့်ပွားရေးကွန်ရက်လည်း ပိုမိုကျယ်ပြန့်ခိုင်မာ လာမှာဖြစ်ပါတယ်။
အရည်အချင်းပြည့်ဝတဲ့သူတွေအဖြစ် မွေးထုတ်ပေး
ဒီလို လက်တွေ့အသုံးချပညာရပ်တွေကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားမှုပုံစံတွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေရဲ့ လက်တွေ့သင်ကြားမှုမှာ ကျောင်းတွေတည်ရှိရာ ဒေသ၊ ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ သီးနှံ အမျိုးအစားတွေကို ဦးစားပေးစိုက်ပျိုးပြသတာ၊ ဈေးကွက်လိုအပ်ချက်နဲ့ ဈေးကွက်အလားအလာအပေါ် သုံးသပ်နိုင်ရေးကိုပါ စနစ်တကျ ပို့ချပေးနေ ပါတယ်။ ဒါကြောင့်လည်း မတူညီတဲ့ဒေသ အသီးသီးမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေ ကနေ သီးနှံအလိုက် ကျွမ်းကျင်မှုရှိပြီး အရည်အချင်း ပြည့်ဝတဲ့သူတွေအဖြစ် မွေးထုတ်ပေးနေနိုင်တာ လည်း ဖြစ်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး သင်တန်းကာလအတွင်း လယ်ယာ သီးနှံစိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေးဓာတုဗေဒ၊ စိုက်ပျိုးရေးရုက္ခဗေဒ၊ သီးနှံကာကွယ်ရေး၊ လယ်ယာ စက်မှုလက်မှု၊ စိုက်ပျိုးရေးတိုးချဲ့ ပညာပေးရေး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းပညာ ဘာသာရပ်တွေ ပို့ချပေးမှာဖြစ်ပြီး ပထမနှစ်နဲ့ ဒုတိယနှစ်မှာ အင်္ဂလိပ်စာဘာသာရပ်၊ ပထမနှစ် သင်တန်းမှာတော့ သင်္ချာ၊ ရူပဗေဒ၊ ICT နဲ့ လူမှု ဆက်နွှယ်ရေးကျွမ်းကျင်မှုဘာသာရပ် (Social Skill)တွေ ဖြည့်စွက်ပါဝင်ကာ သင်တန်းတွေ အားလုံးမှာ စာတွေ့လက်တွေ့ သင်ကြားမှုအချိုးမှာ (၄၀ : ၆၀) ဖြစ်ပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေမှာ အသက်(၂၂)နှစ်ထက်မကြီးသူ၊ အခြေခံ ပညာအထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာတွဲနဲ့ အောင်မြင်ပြီး ကျန်းမာသန်စွမ်းသူတွေ တက်ရောက်နိုင်ကြပါတယ်။
ဆက်သွယ်စုံစမ်းနိုင်ကြပြီဖြစ်
ထူးခြားချက်အနေနဲ့ မွေးမြူရေးဒီပလိုမာ သင်တန်းကို ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကစပြီး ပျဉ်းမနား၊ ပုသိမ်ကြီးနဲ့ ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံကျောင်း သုံးကျောင်းမှာ စတင်ဖွင့်လှစ်ပို့ချပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွေမှာလည်း စာသင်နှစ်အလိုက် တိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ မွေးမြူရေး ဒီပလိုမာသင်တန်းတွေအတွက် သင်ရိုးညွှန်းတမ်းအသစ်နဲ့ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ နည်းပြတွေ၊ စာတွေ့လက်တွေ့သင်ခန်းစာတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူအဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြည့်ဆည်းထားရှိပြီးဖြစ်လို့ မွေးမြူရေးလုပ်ငန်းကို စနစ်တကျ လေ့လာသင်ယူလိုကြတဲ့ လူငယ် မောင်မယ်တွေအနေနဲ့ သင်တန်းကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ကြပြီ ဖြစ်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ကောလိပ်အဆင့် တိုးမြှင့်ပေးနိုင်ဖို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းနေပြီး လက်ရှိသင်တန်းတွေက သတ်မှတ်အရည်အချင်းပြည့်မီသူတွေအနေနဲ့လည်း စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေး ဆိုင်ရာတက္ကသိုလ်တွေကို ပေါင်းကူးတက်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းပြီးဆုံး အောင်မြင်သူတွေအတွက် အလုပ်အကိုင်ရရှိရေးကိုလည်း သက်ဆိုင်ရာဌာနတွေ၊ ပုဂ္ဂလိကတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။
အခွင့်အလမ်းတွေရရှိနိုင်
စိုက်ပျိုးရေးသိပ္ပံတွေမှာ စိုက်ပျိုးရေးဒီပလိုမာ အဆင့်အထိ တက်ရောက်သင်ယူနိုင်ပြီး အဲဒီကတစ်ဆင့် စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်ပြီး စိုက်ပျိုးရေးဘွဲ့ပညာရှင်အဆင့်၊ အဲဒီကနေ မဟာသိပ္ပံအဆင့်၊ ပါရဂူအဆင့်အထိ တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ စိုက်ပျိုးရေး သိပ္ပံကျောင်းတွေကတစ်ဆင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ ရရှိပြီးသူတွေထဲက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ၊ တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးသိပ္ပံအပါအဝင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းတွေ၊ အခြေခံပညာကျောင်းတွေ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးညွှန်ကြားချက်တွေနဲ့အညီ စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်းတစ်ခုချင်းကိုသာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ တတိယနှစ် သင်တန်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် လ ၃၁ ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့သလို စိုက်ပျိုးရေး ဒီပလိုမာ ဒုတိယနှစ်သင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ကျင်းပတဲ့ ထမနဲထိုးပြိုင်ပွဲနဲ့ တိုင်းရင်းသားရိုးရာအစားအစာများ မိတ်ဆုံစားပွဲအခမ်းအနားကိုလည်း ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနအကြီးအကဲတွေကိုယ်တိုင် တက်ရောက်ကြပြီး ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။ အလားတူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတွေကိုလည်း ယခုနှစ် မတ်လအတွင်း သက်ဆိုင်ရာကျောင်းတွေမှာ အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါတယ်။
မေလအတွင်း ပြန်လည်ဖွင့်လှစ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် စိုက်ပျိုးရေး ဒီပလိုမာ ပထမနှစ်၊ တတိယနှစ်သင်တန်းတွေနဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းတွေကို ယခုနှစ် မေလအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်လှစ်ပါကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူ နိုင်ကြစေဖို့ ပြင်ဆင်ထားရှိပြီးဖြစ်လို့ဒေသအသီးသီးက တိုင်းရင်းသားလူငယ်မောင်မယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းသေချာမှုရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်ယူမှု အခွင့်အလမ်းအဖြစ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ရွေးချယ်နိုင်ကြစေဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ရပါတယ်။ ။


