၈ မတ်

မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ-၂၀၁၈ အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ အဖွင့်အမှာစကား၌ တောင်သူလယ်သမားများကို အခြေပြု၍ ဆန်အများဆုံးထွက်သော နိုင်ငံတစ်ခုဖြစ်စေရန် အလေးထားမူဝါဒချမှတ်ထားကြောင်း ရှင်းလင်းပြောဆိုခဲ့ပါသည်။ တောင်သူလယ်သမားတို့နှင့် ဆန်ကုန်သည်တို့သည် တစ်ဖက်တိုးတက်မှ ကျန်တစ်ဖက် အောင်မြင်နိုင်သည်ကို နှလုံးသွင်း၍ မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းòန်စကား ပြောကြားခဲ့ပါသည်။

 

 

တောင်သူလယ်သမားတို့အနေဖြင့် စိုက်ပျိုးလိုသော သီးနှံတို့အား လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသကဲ့သို့ နည်းသစ်လမ်းသစ်တို့အား ရဲရဲဝံ့ဝံ့ စွန့်စားရှာဖွေရန်လိုအပ်သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း (၇၀) အတွင်း ဆန်တန်ချိန် သုံးသန်းအား ပထမဦးဆုံးအကြိမ် ပြည်ပသို့တင်ပို့နိုင်ခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူစွာ ထောက်ပြခဲ့ပါသည်။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤအောင်မြင်မှုထက် ပို၍ပို၍သာသော ထပ်ဆင့်အောင်မြင်မှုတို့ ရရှိနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန် သတိပေးစကားပြောကြားခဲ့ပါသည်။ ထပ်ဆင့်အောင်မြင်မှုတို့ ဖန်တီးရာ၌ စိုက်ပျိုးထုတ်လုပ်မည့် ဆန်တို့၏ အရည်အသွေး တိုးတက်ရေးက အရေးကြီးသကဲ့သို့ မည်သို့သော ကမ္ဘာ့ဒေသတို့က မည်သို့သောဆန်တို့ကို ကြိုက်နှစ်သက်သည်၊ ကြိုက်နှစ်သက်သောဆန် ရောင်းချနိုင်ရန် မည်ကဲ့သို့ချဉ်းကပ်ရမည်ဆိုသော ဈေးကွက်ဖော်ဆောင်ရေးကလည်း အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။

 

 

စိုက်ပျိုးထုတ်လုပ်ရာ၌ ဓာတုမြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို မျှမျှတတ အသုံးပြုရမည်ဖြစ်သော်လည်း က္ဘာ့ပြည်သူအများစုသည် သဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုးသော Organic Farming အပေါ် ပိုမိုတိမ်းညွတ်လာသည်ကိုလည်း အာရုံပြုစိုက်ပျိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှုပေးခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်သကဲ့သို့ သူများနိုင်ငံများ လမ်းလျှောက်ချိန်၌ မိမိတို့နိုင်ငံကအပြေးသွားရန် မိန့်ကြားခဲ့ခြင်းသည် တောင်သူလယ်သမားထုတစ်ရပ်လုံးအတွက် စိတ်ဓာတ်ရေးရာ ခွန်အားပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က òန်ပြလိုက်သည့် လယ်ယာစိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံဖြစ်စေရမည်ဟူသော မူဝါဒသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ထင်ဟပ်ထားသော မှန်ကန်သည့်မူဝါဒ ဖြစ်ပါသည်။ တောင်သူလယ်သမားမျိုးရိုးမှ ပေါက်ဖွားလာသော လူငယ်တို့အနေဖြင့် နည်းစနစ်သစ်တို့ကို အသုံးပြု၍ ခေတ်မီလယ်ယာ လယ်ယာစိုက်ပျိုးရေးစနစ် ဖော်ဆောင်ရန်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုသည် ဟန်ချက်ညီသော ကျေးလက်-မြို့ ပြ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးသွားမည် ဖြစ်ပါသည်။

 

 

တောင်သူလယ်သမားများအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးမူဝါဒနှင့်အညီ စိုက်ပျိုးရေးစရိတ်ချေးငွေ ပံ့ပိုးမှုကိုတစ်ဧက တစ်သိန်းခွဲပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာခဲ့ခြင်းသည် တောင်သူလယ်သမားထုတစ်ရပ်လုံးအတွက် မင်္ဂလာသတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုအခြေအနေတို့နှင့်အညီ ဆောင်ရွက်ရမည့် လယ်ယာစိုက်ပျိုးရေးပုံစံတို့အား သုတေသနပြုလုပ်ရမည်ဟူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ကြားချက်သည် တောင်သူလယ်သမားတို့နှင့် ပညာရှင်များ အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးက အာရုံစိုက်ဆောင်ရွက်ကြရမည့် ကိစ္စရပ် ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြသကဲ့သို့ နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်၊ တောင်သူလယ်သမားနှင့် ပညာရှင်ဟူသော ကဏ္ဍလေးရပ်၏ စုစည်းညီညွတ်မှု အင်အားဖြင့်ဖွံ့ဖြိုးတိုးတက်သည့် လယ်ယာစိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံတော်သစ်ကြီး ထူထောင်ရမည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း