၃ စက်တင်ဘာ

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ထိုအနေအထား၌ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၁၄ ရပ်တွင် အရေးအကြီးဆုံးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်ခွင့် ရနေသည်မှာသဘာဝကျသည်။

 

ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်း အဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ ရှိရင်းစွဲသဘာဝသယံဇာတအရင်းအမြစ်များဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို တိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးကဏ္ဍမှာ အများဆုံးဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် စွမ်းနိုင်သော်လည်း နည်းပညာနှင့် အရင်းအနှီးများပိုမိုလိုအပ်သဖြင့် အာဆီယံနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ထဲထဲဝင်ဝင် ထိတွေ့ဆောင်ရွက်နိုင်မှုများ လိုအပ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ကာ ၂၀ဝ၇ ခုနှစ်တွင် နေပြည်တော်၊ ၂၀ဝ၈ ခုနှစ်တွင် အိန္ဒိယ၊ ၂၀၁၀ ပြည့်နှစ်တွင်သီရိလင်္ကာနိုင်ငံတို့တွင် စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဆွေးနွေးခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် စိုက်ပျိုးရေးဝန်ကြီးများ ဘင်းမ်စတက်အစည်းအဝေးကို လာမည့်နှစ်၌ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်လက်ခံကျင်းပရန် အဆိုပြုနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍအတွက် အလားအလာကောင်းပင်ဖြစ်သည်။

 

ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လက်ရှိတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှု နည်းနေသေးသော်လည်းလာမည့်နှစ် စိုက်ပျိုးရေးဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် ရလဒ်ကောင်းများ ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ဘင်းမ်စတက်၏ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကဏ္ဍတွင် စိုက်ပျိုးရေးကဏ္ဍဟုဆိုသော်လည်း မွေးမြူရေးကဏ္ဍလည်း ပါဝင်သောကြောင့် ထိုကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များရှိသည်ဟု သိရသည်။

 

ဘင်းမ်စတက်၏ စိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆိုပြုထားသည့် ဘုံစီမံကိန်း ကိုးခုတွင် မြန်မာနိုင်ငံမှဦးဆောင်ပါဝင်မှု နှစ်ခုရှိသော်လည်း ထောက်ပံ့ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဦးစားပေးသဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့်ထောက်ပံ့မှုများ တိုးတက်ရရှိခြင်းဖြင့် အလားအလာကောင်းများ ဖြစ်ထွန်းလာနိုင်သည်။ နောင်လာမည့်ကာလများတွင် လွတ်လပ်သည့် ကုန်သွယ်မှုဇုန်ထူထောင်ရေး လုပ်ငန်းရှိလာမည်ဖြစ်၍ လယ်ယာကဏ္ဍ၌ ကုန်သွယ်စီးပွား မြင့်မားလာနိုင်မည့် အခြေအနေကောင်းများရှိသည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး တက်ရောက်ဆွေးနွေးခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှ ပေါ်ထွက်လာသည့်ရလဒ်များသည် မြန်မာနိုင်ငံအတွက် စိုက်ပျိုးစီးပွား တိုးတက်မြင့်မားလာနိုင်မည့် အလားအလာကောင်းများကို တိုးတက်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။