လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရဲရင့်သော ခြေလှမ်းများ

နေပြည်တော် ၄ ဧပြီ

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက သီးနှံအမျိုးအစားပေါ်မူတည်၍ လယ်ယာကဏ္ဍဆိုင်ရာ ချေးငွေတို့၏ အတိုးနှုန်းကို လေးရာခိုင်နှုန်း(သို့မဟုတ်)သုံးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လေးရာခိုင်နှုန်း(သို့မဟုတ်)သုံးရာခိုင်နှုန်းဟူသော အတိုးနှုန်းသည် လက်ရှိအတိုးနှုန်းထက် များစွာသက်သာသော အတိုးနှုန်းဖြစ်ပါသည်။ တောင်သူလယ်သမားတို့အတွက် ဝမ်းမြောက်စရာသတင်းကောင်းဖြစ်ပါသည်။

 

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် (MADB)သည် ယနေ့အချိန်အထိ စိုက်ပျိုးစရိတ်ချေးငွေကို ဆန်စပါးစိုက်ပျိုးရေးနှင့် ဆောင်းရာသီသီးနှံတို့အတွက်သာ ထုတ်ပေးလျက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်လိုပါက သီးနှံမျိုးစုံအတွက် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတို့ကိုဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုအရှိန်အဟုန် နှောင့်နှေးနေသော လယ်ယာကဏ္ဍ၏တိုးတက်မှုကို မြှင့်တင်မည်ဆိုပါက မျိုးစေ့မှသည် ဈေးကွက်ရောက်သည်အထိ အဆင့်ဆင့်သောလုပ်ငန်းစဉ်တို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်(MADB)ကို ဖွံ့ဖြိုးရေးဘဏ်တစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ဒါကို
Soft Loan ဖြစ်အောင်လို့ Development Bank ဖြစ်ရင် နိုင်ငံခြားကငွေတွေ အခြားအခြားသော ဘဏ်ထဲကငွေတွေနဲ့ ပေါင်းစပ်ပြီးတော့Development Bank (ဖွံ့ဖြိုးရေးဘဏ်) အဖြစ် လုပ်နိုင်ရင် Soft Loanတွေပေးနိုင်မယ်၊ လေးရာခိုင်နှုန်းဖြစ်ချင်ဖြစ်မယ်၊ သုံးရာခိုင်နှုန်း ဖြစ်ချင်ဖြစ်မယ်၊ ဒါက သီးနှံတွေအပေါ် မူတည်တယ်" ဟု တင်ပြခဲ့ပါသည်။ မြန်မာ့ထုတ်ကုန်စုစုပေါင်း (GDP)၏ ထက်ဝက်နီးပါးကို ဖြည့်ဆည်း ပေးနေသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်တို့ကဲ့သို့သော ကြိုတင်ခန့်မှန်းရန် မလွယ်ကူသည့် အကြောင်းတရားတို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတို့ နည်းပါးလေ့ရှိပါသည်။ အထူးသဖြင့် ဤအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပိုမိုထင်ရှားစွာ တွေ့ရှိရလေ့ရှိပါသည်။ အာဖရိက၌ ပြုလုပ်သော ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုတို့၏ နှစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိသာ လယ်ယာစိုက်ပျိုးရေးကဏ္ဍသို့ ဝင်ရောက်ပါသည်။ ချေးငွေနှင့်ရင်းနှီးမြှုပ်နှံမှု နည်းပါးသည့်ဒဏ်ကိုလုပ်ကွက်ငယ်လယ်သမားတို့က ပို၍ခါးစည်းခံရသည်မှာ ကြုံတွေ့နေကျကိစ္စရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အာဖရိက၌ The Alliance for a Green Revolution in Africa (AGRA) ဟူသော အဖွဲ့က ပုဂ္ဂလိက ဘဏ်တို့၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ချေးငွေတို့ကို ထပ်ဆင့်အာမခံ ချက်ပေးသောကြောင့် လုပ်ကွက်ငယ်လယ်သမားတို့၏ ချေးငွေလိုအပ်ချက်ကို ထိထိရောက်ရောက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် (MADB)အား ဖွံ့ဖြိုးရေးဘဏ်အဖြစ် အသွင်ပြောင်းလဲခြင်းသည် AGRA အဖွဲ့၏ဝန်ဆောင်မှုမျိုး ဖြစ်ပေါ်လာစေရေးကို ဦးတည်စေမည်ဖြစ်သောကြောင့် ကြိုဆိုရမည့်ခြေလှမ်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဖွံ့ဖြိုးရေးဘဏ်အဖြစ် အသွင်ပြောင်းလဲခြင်းကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကအာမခံ ကုမ္ပဏီ များနှင့်တောင်သူလယ်သမားတို့ ပူးပေါင်းပါဝင်မည့် အာမခံစနစ်နှင့်အတူ ဖော်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာ ရဲရင့်သောခြေလှမ်းတို့ကို ကြိုဆိုပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။ ။

 

(ကြေးမုံ)