လယ်ယာဧက ၁၆၀၀၀ ကျော်အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်ပေး

မင်းဘူး ဒီဇင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၃ ဒသမ ၂ သန်းဖြင့် ကုလားဟောင်းမြောင်းဘောင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာများက ဒီဇင်ဘာ ၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါကုန်ထုတ်လမ်းကို Shwe Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းအရှည် ၂ မိုင်၊ လမ်းအကျယ် ၁၀ ပေ၊ မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လူဦးရေ ၈၃၃၇ ဦး၊ လယ်ယာစိုက်ပျိုးရေးဧက ပေါင်း ၁၆၄၆၀ ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း မင်ဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းဘူးမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ကုလားဟောင်းမြောင်းဘောင် ကုန်ထုတ်လမ်း၊ လမ်းအရှည် ၂ မိုင်နှင့် လက်ခုပ်ပင်ကျေးရွာ ကုန်ထုတ်လမ်း၊ လမ်းအရှည် တစ်မိုင်၊ စုစုပေါင်းလမ်းအရှည် ၃ မိုင်အား ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၆၁ ဒသမ ၃၅၈ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ကျေးလက်ဒေသများမှ ထွက်ရှိသော သီးနှံများကို ရာသီမရွေး စျေးကွက်သို့ အချိန်မီ သယ်ပို့နိုင်တော့မည် ဖြစ်သည်။

 

အထွေး