ငပုတော ၁၃ ဇူလိုင်      

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်မီ ကောက်စိုက်စက်များကို အသုံးပြုခြင်းအားဖြင့် စပါးများ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းများ သိသာစွာ တိုးတက်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက သက္ကယ်ချောင်းစံပြကျေးရွာရှိ တောင်သူဦးမင်းမင်းကျော်၏ လယ် ၅ ဧကတွင် ဆောင်ရွက်ခဲ့သည်။

 

သရုပ်ပြစိုက်ပျိုးမှုတွင် ကူဘိုတာ အမျိုးအစား ၆တန်းသွား ကောက်စိုက်စက်ဖြင့် ပေါ်ဆန်းရင်မျိုးစပါးကို သရုပ်ပြစိုက်ပျိုးပြသခဲ့ရာ တောင်သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး သိလိုသည်များကို မေးမြန်းခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ 

 

ကောက်စိုက်စက်ကို အသုံးပြု စိုက်ပျိုးခြင်းကြောင့် လယ်တစ်ကလျှင် စပါး၁၂ပြည်မှ ၁၃ပြည်အထိသာ ကုန်ကျမှုရှိသောကြောင့် စိုက်ပျိုးစရိတ် သက်သာစေခြင်း၊ ပိုးမွှားကျရောက်မှု သက်သာစေခြင်းနှင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပင်ပွားများကာ စပါးအထွက်နှုန်းမှာလည်း သိသာစွာ တိုးတက် လာစေမည် ဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးသရုပ်ပြပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝမ်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)